၂၀.၅.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်၊ ဆန်ဆိုင်းရပ်ကွက်ရှိ Hout Same Mobile ဖုန်းအရောင်းဆိုင်တွင် မေလ ၁၉ ရက် နံနက် ၄ နာရီ မိနစ် ၄၀ ခန့်က အမျိုးသားတစ်ဦးက ဆိုင်တွင်းရှိ တန်ဖိုးကြီး iPhone များကို ဖောက်ထွင်းခိုးယူခဲ့ကြောင်း အဆိုပါ ဆိုင်နှင့်ဒေသခံများထံမှ သိရသည်။
ဖုန်းဆိုင်ကို နံနက်အစောပိုင်းက ဖောက်ထွင်းရာ၌ ဆိုင်ရှေ့ရှိ လုံခြုံရေးကင်မရာကို အနက်ရောင်အဝတ်ဖြင့်အုပ်ကာ ဆိုင်တံခါးအောက်ခြေကို သစ်သားချောင်းစ၊ သံချောင်း၊ ဓားများကို အသုံးပြုကာ ဝင်ရောက်ခဲ့ပြီး ဆိုင်ထဲမှ CCTVကိုလည်း ထီးဖြင့်ကွယ်ကာ iPhone များကိုသာ ယူဆောင်သွားကြောင်း သိရသည်။
“သူခိုးက အကောင်းကြိုက်တယ်ပြောရမလား၊ iPhone ပါကင် အသစ်စက်စက်နောက်ဆုံး ထွက်ထားတာတွေပဲ ရွေးခိုးသွားတယ်ရှင့်”ဟု ဖုန်းဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။
CCTV မှတ်တမ်းအရ ဖုန်းခိုးယူသူမှာ Mask တပ်ထားပြီး ဦးထုပ်အဖြူရောင်၊ တီရှပ်လိမ္မော်ရောင်နှင့် အပေါ်တွင် ဂျင်းအင်္ကျီကိုထပ်ကာ ဝတ်ဆင်ထားကာ ဘောင်းဘီတို အနက်ရောင်ကိုလည်း ဝတ်ဆင်ထား၍ မှန်ကောင်တာထဲမှ iPhone များကိုထပ်၍ ယူဆောင်သွားကြောင်း တွေ့ရသလို iPhone အလုံး ၂၀ ကျော် ၃၀ ခန့် ခိုးယူသွားသည်ဟုလည်း သိရသည်။
CCTV Video ထဲက သူခိုးကို ဖမ်းပေးနိုင်ပါက ဆိုင်ရှင်က iPhone 15 အသစ်စက်စက်တစ်လုံးကို ဆုကြေးအဖြစ်ပြန်ပေးမည်ဖြစ်ကြောင်း၊ တရားခံတွေ့ရှိပါက ဖုန်း 09898895849/09448888898 ကို ဆက်သွယ်ရန် ဖုန်းအရောင်းဆိုင်ဝန်ထမ်းတစ်ဦးက လူမှုကွန်ရက်တွင် ကြေညာထားသည်။