၂၀.၅.၂၀၂၄.
Translated by Htwe Ko Tun
အီရန်နိုင်ငံ၊ လခြမ်းနီအသင်း၏ဥက္ကဋ္ဌ ဟော့စိန်ကိုလီဗန်က မေလ ၁၉ ရက် မွန်းလွဲပိုင်းတွင် အီရန်နိုင်ငံ၊ အနောက်မြောက်ပိုင်း၌ ပျက်ကျခဲ့သော သမ္မတ အီဘရာဟမ်ရိုင်စီ လိုက်ပါလာသော ရဟတ်ယာဉ်အား ပျက်ကျသည့်နေရာ ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မေလ ၂၀ ရက်နံနက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
သို့သော် ရဟတ်ယာဉ်ပျက်ကျမှု၌ အသက်ရှင်ကျန်ရစ်သူတစ်စုံတစ်ဦးကိုမျှ ခြေရာခံတွေ့ရှိခြင်းမရှိကြောင်းနှင့် သမ္မတ အီဘရာဟမ် ရိုင်စီ အပါအဝင် ရဟတ်ယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့ကြကြောင်း မေလ ၂၀ ရက် နံနက်ပိုင်းတွင် ပြုလုပ်သော Tasnim သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းပွဲ၌ ကိုလီဗန်က ပြောဆိုခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့ ၇၃ ဖွဲ့က ရဟတ်ယာဉ်ပျက်ကျသော တာဝါလ်ကျေးရွာ နယ်မြေတစ်ဝိုက် ခေတ်မီကယ်ဆယ်ရေးကိရိယာများဖြင့် ရှာဖွေခဲ့ကြကြောင်းလည်း ၎င်းက ပြောခဲ့သည်။
တူရကီနိုင်ငံမှ ကယ်ဆယ်ရေးတွင်ပါဝင်ဆောင်ရွက်နေသော မောင်းသူမဲ့လေယာဉ်တစ်စီး၏ တွေ့ရှိချက်စုံစမ်းမှုများအရ ရဟတ်ယာဉ်၏အပူအရင်းအမြစ် (Heat Source) ကြောင့် ပျက်ကျရခြင်းဖြစ်နိုင်ကြောင်းတွေ့ရသည်ဟု အနာဒိုလူသတင်းဌာနက ပြောခဲ့သည်။ အီရန်နိုင်ငံပိုင်သတင်းဌာန IRNA ကမူ ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျရခြင်းဟု ပြောခဲ့သည်။
CNN သတင်းဌာနမှ စစ်ဖက်ကျွမ်းကျင်သူ စီဒရစ်လိုက်တန်က အီရန်အနေဖြင့် ရဟတ်ယာဉ်အတွက် အပိုပစ္စည်းများရရှိရန် ခက်ခဲမှုက ထိုကဲ့သို့ ပျက်ကျစေရခြင်း၏ အကြောင်းတစ်ရပ်ဟုလည်း ပြောကြားခဲ့သည်။ သမ္မတ အီဘရာဟမ် ရိုင်စီလိုက် ပါလာသော Bell 212 ရဟတ်ယာဉ်က အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ခဲ့ကာ ၁၉၆၀ ပြည့်လွန်နှောင်းပိုင်းနှစ်များကပင် အီရန်နိုင်ငံ၌ အသုံးပြုခဲ့ခြင်းဖြစ်သည်။ နှစ် ၅၀ ကျော်ကြာပြီဖြစ်သော ရဟတ်ယာဉ်အတွက် အပိုပစ္စည်းများမှာ အီရန်နိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် အီရန်အနေနှင့် မရရှိနိုင်ဘဲဖြစ်ခဲ့ရသည်ဟု စီဒရစ်က ဆိုသည်။
Ref- IRNA, CNN