၁၉. ၅. ၂၀၂၄
Written by Ye Kyaw
ကျပ်သိန်း ၃,၀၀၀ မှ ကျပ်သိန်း ၄၀,၀၀၀ အထိပါဝင်သည့် ဘန်ကောက်မြို့မှ ကွန်ဒိုနှင့် အိမ်ရာစီမံကိန်းများကို ခင်းကျင်းပြသထားသည့် SIAMESE ASSET PROPERTY SHOWCASE ပြပွဲအား ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ယနေ့ ပြုလုပ်ခဲ့ပြီး လာရောက်ကြည့်ရှုလေ့လာသူ များပြားခဲ့သည်။
2B ASSET Company Limited မှ စီစဉ်မှုဖြင့် ဘန်ကောက်မြို့ရှိ ကွန်ဒိုနှင့် အိမ်ရာများကို ရန်ကုန်မြို့တွင် ခင်းကျင်းပြသခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကွန်ဒိုနှင့်အိမ်ရာစီမံကိန်း အရောင်းပြပွဲတွင် ကုမ္ပဏီ ၆ ခုမှ စီမံကိန်း ၆ ခု လာရောက်ပြသခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကတော့ ပါတဲ့ဟာတွေကတော့ မြန်မာပြည်ကလူတွေ စိတ်ဝင်စားတယ်ဆိုရင် ကွန်ဒိုတွေ၊ အိမ်ရာတွေမှာ အတူတူ ပူးတွဲရင်းနှီးမြှုပ်နှံလို့ရအောင် လာရောက်ခင်းကျင်းပြသခြင်းဖြစ်ပါတယ်။ စီမံကိန်းမှာတော့ ၁၀ ခုမက အများကြီးရှိပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားမှုအရှိဆုံးရယ်၊ နေရာကောင်းတွေကို ရွေးချယ်ပြသတာဖြစ်လို့ စီမံကိန်း ၆ ခုကိုပဲ လာရောက်ပြသတာဖြစ်ပါတယ်” ဟု 2B ASSET Company Limited ဒါရိုက်တာ Peter Boonsermsuwong က ပြောသည်။
အဆိုပါအရောင်းပြပွဲအတွင်း ကျပ်သိန်း ၃,၀၀၀ ကျော်မှ ကျပ်သိန်း ၄၀,၀၀၀ အထိတန်ဖိုးရှိ ကွန်ဒိုနှင့် အိမ်ရာစီမံကိန်းများပါဝင်ပြသခဲ့ပြီး ကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ ကွန်ဒိုများမှာ ပေ ၃၀ ပတ်လည် (စတုရန်းပေ ၉၀၀) အကျယ်အဝန်းရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အနိမ့်ဆုံးဈေးကတော့ ကျပ်သိန်း ၃၀၀၀ ကျော်နဲ့ အမြင့်ဆုံးကတော့ သိန်း ၃၀,၀၀၀ ကျော်နဲ့ ၄၀,၀၀၀ ကျော်တန်တွေလည်းပါပါတယ်။ အနိမ့်ဆုံး ကျပ်သိန်း ၃၀၀၀ ကျော်မှာဆိုရင် အကျယ်အဝန်းက ပေ ၃၀ ပတ်လည်ရှိပါတယ်။ အခန်းဖွဲ့စည်းပုံအပေါ်မူတည်ပြီး အတိုးအလျှော့လေးတော့ရှိပါတယ်” ဟု ၎င်းက ပြောသည်။
စီမံကိန်း ၁၀ ခုရှိသည့်အနက် မြန်မာနိုင်ငံသားများနှင့် ကိုက်ညီမှုရှိသည့် ရုံးခွဲဖွင့်လှစ်ခြင်း၊ ကျောင်းတက်သူများ၊ မိသားစုလိုက်နေထိုင်နိုင်သော ရထားဘူတာ၊ ဈေးများနှင့် လမ်းကွန်ရက် ကောင်းမွန်သည့် နေများရှိ စီမံကိန်း ၆ ခုကို အဓိကထား လာရောက်ပြသခြင်းဖြစ်ကာ အဆိုပါပြပွဲတွင် ပါဝင်ပြသထားသည့် ထိုင်းနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖြစ်သည့် Siamese Asset ၌ သရုပ်ဆောင်နေတိုးကလည်း ဝယ်ယူရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။