၁၈. ၅. ၂၀၂၄
Written by Pan Ei
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ် ကယ်လမ်မြို့မှာ တရားမဝင် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းစက်ရုံတစ်ရုံကို တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးခဲ့ရာ နိုင်ငံခြားသားတွေနဲ့ လည်ပတ်နေတဲ့ အစုအဖွဲ့တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ မလေးရှားအခြေစိုက်သတင်းတွေမှာ ဒီနေ့ ဖော်ပြထားပါတယ်။
တရားမဝင် နိုင်ငံခြားသားတွေကို အလုပ်ခန့်ထားပြီး တရားမဝင် လည်ပတ်နေတဲ့ စက်ရုံတစ်ခုဖြစ်နိုင်တယ်ဆိုတဲ့ ပြည်သူတွေရဲ့တိုင်ကြားချက်တွေအပေါ် အခြေခံပြီး လူဝင်မှု ကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူးချုပ် ဒါတွတ် ရပ်စလင်းဂျူဆို့က အဆိုပါ စီးနင်းမှုကို ကြာသပတေးနေ့ နေ့လယ် ၁ နာရီခွဲလောက်က တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စီးနင်းခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါစစ်ဆင်ရေးမှာ နိုင်ငံခြားသား ၃၅ ဦးကို စစ်ဆေးခဲ့ပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသား ၂ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦး၊ ကမ္ဘောဒီးယား အမျိုးသား ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး ၁ ဦးနဲ့ ကမ္ဘောဒီးယား အမျိုးသမီး ၁ ဦးတို့ကို ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့က အသက် ၁၉ နှစ်ကနေ ၄၀ နှစ်ကြား ရှိပြီး လွန်ခဲ့တဲ့ လေးလလောက်က အဆောင်တွေအဖြစ် အသုံးပြုခဲ့တဲ့ စက်ရုံဝင်းထဲက အဆောက်အအုံတွေမှာပဲ နေထိုင်နေကြတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
အဖမ်းခံရချိန်မှာ နိုင်ငံခြားသားတစ်ဦးတစ်ယောက်ဆီမှာမှ ခရီးသွားစာရွက်စာတမ်းတွေ မရရှိခဲ့ကြောင်း ရပ်စလင်းက ပြောကြားခဲ့သလို သူတို့ရဲ့ စာရွက်စာတမ်းတွေကို စက်ရုံပိုင်ရှင်က ကိုင်ဆောင်ထားတယ်လို့လည်း ယူဆရကာ ပိုင်ရှင်က တရုတ်အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
“ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသားတွေဆီက ရရှိတဲ့ အချက်အလက်တွေအရ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းစက်ရုံကို ပြည်တွင်းက လူတစ်ဦးတစ်ယောက်အောက်မှာ မှတ်ပုံတင်ထားပေမဲ့ တကယ်တမ်းမှာ တရုတ်နိုင်ငံသားတွေက စီမံခန့်ခွဲသူတွေကနေတစ်ဆင့် စီမံခန့်ခွဲတာလို့ သံသယရှိရပါတယ်” လို့လည်း ရပ်စလင်း က ပြောကြားခဲ့ပြီး သက်ဆိုင်ရာမြေကွက်ပိုင်ရှင်အပါအဝင် ရရှိထားတဲ့ နိုင်ငံကူးလက်မှတ်နံပါတ်တွေကို အခြေခံပြီး စက်ရုံပိုင်ရှင်ကို ခြေရာခံနိုင်ဖို့ အဖွဲ့အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
အလားတူ မလေးရှားနိုင်ငံ၊ ကမ်ပန်ဂျေလန်ကီဘွန်းမြို့ရှိ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်း စက်ရုံမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က ရုတ်တရက် စီးနင်းမှုအတွင်း မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အယောက် ၁၀၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
Ref; New Straits Times