၁၈. ၅. ၂၀၂၄
Written by Nay Moe
ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်ခရိုင်ထဲက မံစီမြို့နဲ့ မိုးမောက်မြို့ကို KIA က သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာမှုတွေကြောင့် ဖြစ်ပွားတဲ့တိုက်ပွဲတွေကြားမှာ မိုးမောက်စျေးတစ်ခုလုံး မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
မေလ ၇ ရက်ကစပြီး မံစီနဲ့မိုးမောက်ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်သလို မံစီရဲစခန်းကိုလည်း သိမ်းထားတဲ့အပြင် နယ်မြေစိုးမိုးမှု ရယူထားပြီး မိုးမောက်မြို့အနီးက ခြေမြန်တပ်ရင်း ခမရ (၄၃၇) နဲ့ မံစီမြို့အနီးက ခမရ (၆၀၁), ခမရ (၃၁၉) တို့ကို ဆက်လက်တိုက်ခိုက်နေတာပါ။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် တပ်မတော်ကလည်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသလို အပြန်အလှန်ပစ်ခတ်မှုတွေကြားမှာ မိုးမောက်မြို့က နေအိမ် ၁၀၀ ကျော်နဲ့ မိုးမောက်တစ်စျေးလုံးမီးလောင်ပျက်စီးသွားတာပါ။
“လက်နက်ကြီးထိတာလား၊ ရှို့မီးလားတော့မသိဘူး။ ဒီမနက်လင်းအားကြီးအချိန်မှာ တစ်စျေးလုံးမီးလောင်သွားတာ။ ပစ်ခတ်နေတော့ လောင်တာသိလည်း ထွက်မငြှိမ်းရဲကြတော့ အကုန်ဆုံးရှုံးတာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် မိုးမောက်နဲ့မံစီမှာ တိုက်ပွဲပြင်းထန်နေသလို KIA ထောက်ခံသူတွေကလည်း မိုးမောက်နဲ့မံစီကို သိမ်းနိုင်တော့မယ်လို့ လှုံဆော်နေကြပြီး မံစီကိုလည်း မနေ့ညကတစ်ညလုံးဗုံးကြဲခံရတယ်လို့ ကချင်တက်ကြွလှုပ်ရှားသူ ခွန်ဂျာကပြောထားပြီး ဒီမြို့နှစ်ခုပတ်ဝန်းကျင်က KIA နဲ့ PDF တပ်ပေါင်းစုကိုလည်း မနေ့ညကနေ ဒီနေ့အထိ ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ပုံစာ။ မိုးမောက်စျေး မီးလောင်ပြာကျမှုမြင်ကွင်း (Photo – CJ)