၁၈. ၅. ၂၀၂၄
Written by Pan Ei
ထိုင်းနိုင်ငံ၊ ဖူးခက်လေဆိပ်တောင်ဘက် နိုင်ယန်ကမ်းခြေအနီးမှာ Vapes ခေါ် အီးစီးကရက်တွေ တရားမဝင်ရောင်းချနေတဲ့ အမျိုးသားနှစ်ဦးကို ဆာခုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးလည်းပါဝင်ခဲ့တယ်လို့ ဖူးခက်အခြေစိုက်သတင်းတွေမှာ မနေ့က ဖော်ပြထားပါတယ်။
‘Cannabis @Hive Cannabistro’ အမည်ရှိဆိုင်ကို ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်) ညနေ ၅ နာရီခန့်က ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဆာခုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဆိုင်မှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ထက်မြက်ကျော် အသက် ၂၅ နှစ်ကို တာဝန်ရှိသူတွေက တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
ထက်မြက်ကျော်ဟာ ဆိုင်မှာ အလုပ်လုပ်တာ တစ်လလောက်ရှိပြီလို့ သိရပြီး လစာက ဘတ် ၁၃,၀၀၀ ရတယ်လို့ပြောပါတယ်။ ဒါ့အပြင် ဖူးခက်မြို့က အသက် ၂၅ နှစ်အရွယ် ဒက်ဖွန်ဖရုမ်ဖက်ဆိုသူ ထိုင်းအမျိုးသားကတော့ ဆိုင်ရဲ့ မန်နေဂျာဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ဆိုင်အတွင်းဆက်လက်စစ်ဆေးခဲ့ရာ ကိုလာ၊ ပန်းသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ မင့်နဲ့ စပျစ်သီးတွေ အပါအဝင် အနံ့အရသာမျိုးစုံနဲ့ NUKE တံဆိပ်ပါ အီးစီးကရက်စက် ၄၅ လုံးကို တာဝန်ရှိသူတွေက တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ဒက်ဖွန်နဲ့ ထက်မြက်ကျော်တို့ကို ဆာခုရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ ပစ္စည်းတွေ ရောင်းချမှုနဲ့ အမှုခွင့်အရေးယူထားတယ်လို့ သိရသလို ထက်မြက်ကျော်ကိုတော့ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် အလုပ်လုပ်ကိုင်မှုတို့နဲ့ပါ တရားစွဲဆိုထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
Rf; Phuket News