၁၈. ၅. ၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ ရုရှားနိုင်ငံစစ်တက္ကသိုလ်တစ်ခု၏ အဆောက်အအုံတစ်ခု မြေအောက်ထပ်တွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံး မေလ ၁၇ ရက်၊ ဒေသစံတော်ချိန် ည ၈ နာရီ (GMT-ညနေ ၅း၀၀ နာရီ) ၌ ပေါက်ကွဲခဲ့ရာ စစ်ဖက်အမှုထမ်း ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှား စစ်ဖက်တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
အဆိုပါ Budyonny ဆက်သွယ်ရေးဆိုင်ရာစစ်တက္ကသိုလ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများ၏အခြေအနေကိုသဲကွဲစွာမသိရှိရသေးကြောင်း သတင်းများကဆိုသည်။ ထိုစစ်တက္ကသိုလ်က ရုရှားကြည်းတပ်၊ ဆက်သွယ်ရေးတပ်ဖွဲ့များတွင် ဝင်ရောက်စစ်မှုထမ်းမည့်သူများအား လေ့ကျင့်သင်ကြားပေးရာနေရာလည်းဖြစ်သည်။
စိန့်ပီတာစဘတ်မြို့ ပါဝင်သော ဒေသစစ်တိုင်းက စစ်တက္ကသိုလ်၏ အဆောက်အအုံများအနက်တစ်ခု၏ မြေအောက်ထပ်တွင် သန့်ရှင်းရေးပြုလုပ်နေစဉ်အတွင်း အမှိုက်သရိုက်များကို ကုန်သေတ္တာကြီးထဲသို့အထည့်၌ ပေါက်ကွဲမှုဖြစ်ခဲ့ရခြင်းဟု ကြေညာခဲ့သည်။
စစ်တိုင်းမှ ထုတ်ပြန်ချက်ကို ကိုးကားလျက် Interfax သတင်းဌာနက ပေါက်ကွဲမှုမှာ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အကြားကာလများတွင် အသုံးမပြုခဲ့ရသေးသော မပေါက်ကွဲသေးသည့် ၇၆ မမ ဗုံး ကျည်ဆံတစ်ခု ပေါက်ကွဲခြင်းဟုဖော်ပြခဲ့သည်။ သို့သော် ထိုဗုံးဟောင်းက စစ်တက္ကသိုလ်တွင် မည်သည့်အတွက်သိမ်းဆည်းထားရသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။
အတည်မပြုနိုင်သော သတင်းတစ်ရပ်ကမူ ထိုပေါက်ကွဲမှုက မောင်းသူမဲ့လေယာဉ်တစ်စီးဖြင့်တိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
Ref-AP