၁၈. ၅. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ကသာ ယူကရိန်းတပ်ဖွဲ့တွေအတွက် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် စနစ်နှစ်မျိုးကို မထောက်ပံ့ဘူးဆိုရင် ယူကရိန်းရဲ့ ကာကစ်ဗ်မြို့ကိုလည်း ထိုးစစ်ဆင်နေတဲ့ ရုရှားတပ်တွေက သိမ်းပိုက်နိုင်ဖွယ်ရှိတယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက မေလ ၁၆ ရက်မှာ ပြောခဲ့အပြီး နောက်တစ်နေ့မှာ ရုရှားသမ္မတပူတင်ကလည်းတုံ့ပြန်ပြောကြားမှုတစ်ရပ်ပြုခဲ့ပါတယ်။
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကာကော့ဗ်(Kharkov) လို့လည်းသိကြတဲ့ ကာကစ်ဗ်(Kharkiv) ဒေသကို ရုရှားတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတာဟာ ကာကစ်ဗ်မြို့ကို သိမ်းပိုက်ရယူဖို့မဟုတ်ဘဲ ကြားခံဇုန်တစ်ခုအဖြစ် ဖန်တီးဖို့သာဖြစ်တယ်လို့ သူ့ရဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးအတွင်း မေလ ၁၇ ရက်က ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံ၊ ဘယ်လ်ဂိုရော့ဗ်ဒေသကို ယူကရိန်းတို့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ပြုလာခဲ့ကြတဲ့အတွက် ရုရှားတပ်ဖွဲ့တွေကလည်း ကာကစ်ဗ်ဒေသကို မေလ ၁၀ ရက်မှာ တုံ့ပြန်ထိုးစစ်ဆင်ခဲ့ရတာလို့ ပူတင်က တရုတ်နိုင်ငံ ဟာဘင်းမြို့မှာပြောကြားခဲ့ပါတယ်။ ယူကရိန်းတို့ရဲ့တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံတောင်ပိုင်းမှာ ရေနံချက်စက်ရုံတစ်ရုံမီးလောင်ပျက်စီးခဲ့ရတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောခဲ့ပါ တယ်။
ပူတင်က “ယူကရိန်းအနေနဲ့ ဒီအတိုင်းဆက်လက်တိုက်ခိုက်နေရင် ရုရှားဘက်က လုံခြုံရေးဇုန်(ဒါမှမဟုတ်) သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးဇုန်တစ်ခု ဖန်တီးရလိမ့်မယ်ဆိုတာကျွန်တော်ပြောခဲ့ပြီးသားပါ။ ရုရှားတပ်ဖွဲ့တွေဟာ အစီအစဉ်အတိုင်း ရှေ့ကိုတိုးပြီးချီတက်နေပါတယ်။ ဒါပေမယ့် ခုထိတော့ ကာကစ်ဗ်မြို့ကိုသိမ်းယူဖို့အစီအစဉ်မရှိသေးပါဘူး” လို့ဆက်လက်ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတဇယ်လန်စကီးဟာ ကာကစ်ဗ်ဒေသမှာ ရှေ့တိုးလာနေတဲ့ ရုရှားတပ်တွေကိုတားဆီးနိုင်ဖို့ တပ်ဖွဲ့ဝင်အင်အားတိုးစေဖို့ အကျဉ်းသားတွေကို ယူကရိန်းစစ်တပ်မှာ ပါဝင်စစ်မှုထမ်းနိုင်ဖို့နဲ့ ဒါကို ရှောင်တိမ်းမယ်ဆိုရင် ဒဏ်ငွေငါးဆတိုးမြှင့်မယ့် ဥပဒေနှစ်ရပ်ကို မေလ ၁၇ ရက်က လက်မှတ်ထိုးခဲ့ကာ မေလ ၁၈ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပါတယ်။
ကာကစ်ဗ်ဒေသအတွင်း ရုရှားတပ်ဖွဲ့တွေဟာနယ်စပ်မှ ခြောက်မိုင်ကွာအထိ ရှေ့ကိုတိုးလာကြတယ်လို့ ဇယ်လန်စကီးက မေလ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ကြီးလည်းဖြစ်တဲ့ ကာကစ်ဗ်မြို့က ရုရှားနိုင်ငံနဲ့နယ်စပ်မှ ၁၈ မိုင်(၃၀ ကီလိုမီတာ) ခန့်သာ ကွာဝေးတာဖြစ်ပါတယ်။
Ref- Los Angeles Times