◾ အမေရိကန်၏ လက်နက်အထောက်အပံ့ပေးမှုအပေါ် ယူကရိန်းသမ္မတ ဇယ်လန်စကီး စိတ်ပျက်နေပုံရ
၁၇.၅.၂၀၂၄
Translated by Htwe Ko Tun
ယူကရိန်းအစိုးရအနေနဲ့ လိုအပ်နေတဲ့ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်မျိုးကို တကယ်လို့သာအမေရိကန်ဆီက လက်ခံရရှိမှုမရှိခဲ့ဘူးဆိုရင် ရုရှားတပ်ဖွဲ့တွေအနေနဲ့ ကာကော့ဗ်မြို့ကို သိမ်းပိုက်သွားနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက မေလ ၁၆ ရက်မှာ ABC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ဝန်ခံပြောကြားခဲ့ပါတယ်။
ဇယ်လန်စကီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ တွေ့ဆုံခဲ့စဉ်က ကာကော့ဗ် နယ်မြေကာကွယ်ရေးအတွက် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်မျိုးကို အမေရိကန်က ထောက်ပံ့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြတ်ပြတ်သားသားဖြေကြားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
ဇယ်လန်စကီးက တွေ့ဆုံမေးမြန်းပွဲမှာ “ဒီတိုင်းသာဆို ကာကော့ဗ်ကို ကျွန်တော်တို့ လက်လွှတ်ရနိုင်တယ်။ အခြေအနေက အရမ်းဆိုးဝါးနေတယ်” လို့လည်း ပြောခဲ့ပါသေးတယ်။
ရုရှားတပ်ဖွဲ့ဝင်အင်အား ၃၀,၀၀၀ ခန့်က မေလ ၁၀ ရက်ကစလို့ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ရုရှားနိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ ကာကော့ဗ်မြို့တည်ရှိရာ Kharkiv Oblast နယ်မြေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
Kharkiv Oblast နယ်မြေတွင်ဖြစ်ပျက်နေမှုများနှင့်ပတ်သက်၍ အမေရိကန်ကိုအပြစ်ဆိုမည်လားလို့ ABC သတင်းဌာနကမေးရာမှာတော့ ဇယ်လန်စကီးက ”ဒါက ကမ္ဘာကြီးရဲ့အမှားပါပဲ”လို့ ရှောင်တိမ်းဖြေကြားခဲ့ပါတယ်။ ဒါ့အပြင်
“ပူတင်ကို ကာကော့ဗ် သိမ်းပိုက်ဖို့အခွင့်အရေးပေးခဲ့ကြတယ်။ ဒါပေမယ့် အခုလည်း ကမ္ဘာကြီးအနေနဲ့ကူညီနိုင်ပါသေးတယ်”လို့ ဇယ်လန်စကီးက ထပ်မံပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတအနေနဲ့ သူ့နိုင်ငံအတွက် အကြီးမားဆုံးစစ်ရေးအထောက်အပံ့ပေးသူဖြစ်နေတဲ့ အမေရိကန်အပေါ် ပွင့်ပွင့်လင်းလင်းဝေဖန်ပြောကြားမှုတွေတော့ မပြုခဲ့ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ များစွာစိတ်ပျက်တဲ့ပုံသဏ္ဍာန်မြင်နေရတယ်လို့ ABC သတင်းဌာနက ဆိုပါတယ်။
ယူကရိန်းကို အမေရိကန်ရဲ့ထောက်ပံ့ငွေပမာဏနဲ့ ပတ်သက်ပြီး အမေရိကန်မဲဆန္ဒရှင်တချို့ရဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်လို့မေးခဲ့ရာမှာတော့ သမ္မတ ဇယ်လန်စကီးက “ဒီငွေတွေက ယူကရိန်းကို ပေးတာမဟုတ်ပါဘူး။ အမေရိကန်စက်ရုံတွေမှာသုံးတာပါ။ အမေရိကန်မှာ အလုပ်အကိုင်တွေဖန်တီးဖို့ဖြစ်စေမှာပါ။ အနည်းဆုံး အမေရိကန်ပြည်နယ် ၃၁ ခုမှာ ယူကရိန်းနိုင်ငံကို ထောက်ပံ့မယ့် လက်နက်တွေထုတ်လုပ်တဲ့စက်ရုံတွေရှိပါတယ်”လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
Ref -The Kyiv Independent, Tass