၁၇. ၅. ၂၀၂၄
Written by Pan Ei
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့က ချင်း၊ ကူကီး၊ မီဇိုနဲ့ ဇိုမီးမျိုးနွယ်စုတွေကို ကိုယ်စားပြုတဲ့ မီဇိုအဖွဲ့ (ZORO) နဲ့ အခြားသော ကူကီအဖွဲ့တွေပေါင်းကာ အိန္ဒိယ-မြန်မာ နယ်စပ်ကို လွတ်လပ်စွာဖြတ်သန်းခွင့်(Free movement – FMR) ကို မကြာခင် ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို မနေ့က အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်၊ တန်နိုပယ်ခရိုင်နဲ့ နှစ်နိုင်ငံနယ်စပ်ချစ်ကြည်ရေးတံတားတည်ရှိတဲ့ ချန်ဖိုင်းခရိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
မိဇိုရမ်ပြည်နယ်၊ တန်နိုပယ်ခရိုင်မှာ အိုက်ဇောမြို့အခြေစိုက် ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (ZORO)နဲ့ နာဂါလန်ဌာနေတိုင်းရင်းသားများဖိုရမ် (NIPF)၊ အင်ပီတန်နိုပယ်ခရိုင်ကူကီလူမျိုးအဖွဲ့ (KIT) နဲ့ ကူကီးကျောင်းသားများအဖွဲ့အစည်း (KSO) တို့က FMR ကို မကြာခင် ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်းဖော်ပြခဲ့သလို နယ်စပ်မှာ ခြံစည်းရိုးခတ်ခတ်သွားမယ်ဆိုတဲ့အပေါ်လည်း ကန့်ကွက်ကြောင်း ကြီးကြီးမားမား ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ကြတာပါ။
စိန့်ပီတာဘုရားကျောင်းကနေ နံနက် ၁၀ နာရီက စတင်ခဲ့တဲ့ ဆန္ဒဖော်ထုတ်မှုဟာ တန်နိုပယ်ခရိုင် လက်ထောက်ကော်မရှင်နာခရိုင်ရုံးဆီကို ချီတက်ခဲ့ကြပြီး တန်နိုပယ် ခရိုင်တလွှားက ရာနဲ့ချီတဲ့ ကူကီး-ဇိုလူမျိုးတွေက ပါဝင်ဆန္ဒပြခဲ့ကြကာ လမ်းမတွေပေါ် မှာ ပါဝင်သူတွေရဲ့သဘောထားကွဲလွဲမှုတွေအကြောင်း ကြွေးကြော်သံတွေက ပဲ့တင်ထပ်နေခဲ့ပါတယ်။
ချီတက်ဆန္ဒထုတ်ဖော်ပြပွဲအပြီးမှာ KIT ရဲ့ ဒုဥက္ကဋ္ဌ၊ HTC ရဲ့ ဥက္ကဋ္ဌ၊ KSO ဥက္ကဋ္ဌတို့က မိန့်ခွန်းပြောကြားခဲ့ပြီး ဆန္ဒပြပွဲအတွင်း အရပ်ဘက်အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ၊ ကျေးရွာအကြီးအကဲတွေ၊ မျိုးနွယ်စုခေါင်းဆောင်တွေ၊ ဘုရားကျောင်းက တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေက စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အလားတူ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကို မီဇိုရမ်ပြည်နယ်၊ ချန်ဖိုင်းခရိုင်၊ ဇို့ခွာသာရွာမှာလည်း မနေ့က ZORO အဖွဲ့က ဦးဆောင်ကာ လူ ၇၀၀၀ လောက်က ငြိမ်းချမ်းစွာချီတက်ဆန္ဒပြခဲ့ကြပြီး အိန္ဒိယ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ပဲ့တင်ထပ်ခဲ့ပါတယ်။
အဆိုပါ ဆန္ဒပြပွဲတွေမှာ မြန်မာဘက်က လူတွေကလည်း ရာနဲ့ချီပြီး ပါဝင်ခဲ့ကြပေမဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားရအောင် အခြားမြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံထဲ နောက်ထပ်မ၀င်ရောက်နိုင်ဖို့ အာဏာပိုင်တွေက ချစ်ကြည်ရေးဂိတ်ကို ပိတ်ခဲ့ကြတယ်လို့လည်း ZORO အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါခရိုင်တွေက အစိုရရုံးတွေနဲ့ ကျောင်းတွေကိုလည်း မနေ့က ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ကီလိုမီတာ ၅၁၀ အထိ ရှည်လျားတဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး မီဇိုတွေက ချင်းလူမျိုးတွေနဲ့ မျိုးနွယ်စုဆက်နွှယ်မှုတွေ ရှိပါတယ်။
ကူကီး-ဇို လူမျိုးတွေဟာ အစိုးရ အဆိုပြုထားတဲ့ လုပ်ဆောင်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်မှုတွေနဲ ဆန့်ကျင်ကြောင်းတွေ ပြသနေချိန် ပြည်သူအများရဲ့သဘောထားကွဲလွဲမှုတွေကလည်း ပဲ့တင်ထပ်နေကာ ဒေသတွင်းက အာဏာပိုင်တွေအတွက် နယ်စပ်မူဝါဒနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေက စိန်ခေါ်မှုတစ်ခုအဖြစ်ရှိနေပါတယ်။
Ref; India Today NE