၁၇.၅.၂၀၂၄
Photo & Written by TZ
KNU/PDF များ မေလ ၁၁ ရက် နံနက်ခင်းအချိန်က မိုင်းခွဲဖျက်ဆီးမူကြောင့် ပျက်စီးသွားသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ ကျုံအိတ်တံတားဘေးတွင် ယာယီမြေဖို့ပြင်ဆင်ထားပြီးဖြစ်သောကြောင့် မြေသားလမ်းမှ မော်တော်ယာဥ်ကြီး/ယာဥ်ငယ်များ ဖြတ်သန်းခွင့်ပြုထားပြီး မေလ ၁၇ ရက် နံနက်ခင်းအချိန်မှစကာ မော်တော်ယာဥ်များ ဖြတ်သန်းမောင်းနှင်နိုင်ပြီဖြစ်ကြောင်း ခရီးသွားများထံမှ သိရသည်။
“ဘီးလင်းတံတားကို ပတ်မောင်းနေတာ။ အခု တံတားဘေးက နေ မောင်းနေပြီ။ တွဲကားတွေက ပိုများတယ်။ Express ယာဥ်တွေလည်းများတယ်။ ခန့်မှန်းခြေအရ တစ်ထောင်လောက်တောင်ရှိမယ်။ ယာဥ်တွေက။ အဲ့ဒီနားက လယ်ကွင်းထဲကနေမောင်းနေကြတယ်။ မနေ့ကဆို ပြန်အဆင်းလမ်းမှာ တွဲကားတစ်စီး လဲတယ်။ မနေ့ကဆို အဲ့နားကရွာတွေကလူတွေက ထမင်းကျွေးတယ်။ ကားတွေလည်းကြပ်နေတော့ လမ်းမှာအိပ်ရတယ်”ဟု ခရီးသည်တစ်ဦးက MT News ကို ပြောသည်။
KNU နှင့် PDF များ၏ ထပ်မံ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားမှာ တစ်စင်းလုံးကျိုးသွားပြီး လုံးဝသွားလာမရသဖြင့် ခရီးသွား ယာဉ်ကြီး/ ငယ်များမှာ ကျေးရွာချင်း ဆက်လမ်းများမှတစ်ဆင့် ရှောင်ကွင်းသွားလာရသောကြောင့် ထိုကျေးရွာချင်းဆက်လမ်းများမှာ ကျဉ်းပြီး ယာဉ် များပြားနေသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း ရှိခဲ့ကြောင်း သိရသည်။