၁၅.၅.၂၀၂၄
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၏စီးပွားရေးမြို့တော်လည်းဖြစ်သော မွမ်ဘိုင်းမြို့တွင် မေလ ၁၃ ရက် ညနေပိုင်းကဖြစ်ပွားခဲ့သော ကြီးမားလှသည့်ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခု မြေပြင်သို့ပြုတ်ကျမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်အပြီး မေလ ၁၄ ရက်ညနေပိုင်းအထိ သေဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရသိရသည်။
သတ္တုကြော်ငြာဆိုင်းဘုတ်ကြီးက အရွယ်ပမာဏအားဖြင့် အိုလံပစ်အားကစားပွဲရေကူးကန်တစ်ခုထက်ပင် ကြီးမားကာ အလျား ပေ ၁၂၀ နှင့် အနံပေ ၁၂၀ ရှိသည်ဟုလည်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ကျရောက်လာသော မိုးသက်လေပြင်းကြောင့် လူစည်ကားရာလမ်းမြေပြင်သို့ပြုတ်ကျခဲ့မှုတွင် ကြော်ငြာဘုတ်ကြီးအောက်၌ အသက်ရှင်လျက် ပိတ်မိနေသူမှာလည်း ရာနှင့်ချီ၍ရှိနိုင်သဖြင့် ကယ်ဆယ်ရေးအဖွဲများက စက်ယန္တရားကြီးများကိုသုံးကာ မေလ ၁၃ ရက်တစ်ညလုံးနှင့် မေလ ၁၄ ရက် မွန်းလွဲပိုင်းအထိကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကယ်ဆယ်ရေးအဖွဲ့များက ပြိုကျနေသောသတ္တုကြော်ငြာဘုတ်ကြီးအား ဝန်ချီစက်များဖြင့်ဖယ်ရှား၍ သတ္တုအပိုင်း အစများကိုပါ ဆက်လက်ရှင်းလင်းခဲ့ကြသည်တွင် သေဆုံးသူ ၁၄ ဦးထိရှိလာခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူမှာလည်း ၇၄ ဦးအထိရှိခဲ့ကာ လမ်းပေါ်ရှိ ကားအများအပြားလည်းပျက်စီးခဲ့ရသည်။
မဟာရတ်ရှ်ထရာပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အက်နတ် ရှင်ဒီက အဆိုပါဖြစ်ရပ်အတွက် များစွာကြေကွဲဝမ်းနည်းကြောင်းနှင့် ကြော်ငြာဘုတ်ပိုင်ရှင်များကို တင်းကျပ်အရေးယူမှုများပြုသွားမည်ဟု ပြောခဲ့သည်။
ထို့ပြင် ၎င်းက အဆိုပါဖြစ်ရပ်၌ ထိခိုက်သေဆုံးသူတိုင်း၏မိသားစုများအတွက် လျော်ကြေးအဖြစ်အိန္ဒိယနိုင်ငံသုံး ရူပီးငွေ ၅၀၀,၀၀၀(အမေရိကန် ဒေါ်လာ ၆,၀၀၀) စီ အစိုးရက လျော်ကြေးပေးသွားမည်ဟုလည်း ပြောခဲ့သည်။
Ref. Reuters, The Indian Express