၁၅.၅.၂၀၂၄
translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသအတွင်းက ပါလက်စတိုင်းလက်နက် ကိုင်အုပ်စုတွေအပေါ် အစ္စရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုတွေမြင့်တက်လာနေတာကြောင့် ဂါဇာဒေသမြောက်ပိုင်းဂျာဘာလီယာမြို့မှာရော၊ ဒေသတောင်ပိုင်း ရာဖာမြို့မှာပါ တိုက်ပွဲတွေအရှိန်အဟုန်မြင့်လာနေတယ်လို့ သိရပါတယ်။ အစ္စရေးနဲ့ ဟားမားစ် နှစ်ဖက်စလုံးကလည်း တိုက်ပွဲတွေမှာ ရန်သူတွေဖက်က သိသိသာသာ ကျဆုံးခဲ့ကြတယ်လို့ သတင်းတွေ ထုတ်ပြန်နေပါတယ်။
မေလ ၁၅ ရက် နံနက်ပိုင်းသတင်းတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း ပါလက်စတိုင်းအနည်းဆုံး ၈၂ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ အစ္စရေးက အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေထဲမှာ တစ်နေ့ထဲနဲ့ ပါလက်စတိုင်းတွေ သေကြေမှုအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်မှုတွေပြုလုပ်လာတဲ့ ရာဖာမြို့မှာဆိုရင်လည်း ပါလက်စတိုင်း အရပ်သား ၄၅၀,၀၀၀ ကျော် မြို့မှထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ နောက်ထပ် ၁၀၀,၀၀၀ ခန့်ကိုတော့ ကယ်ဆယ်ခဲ့ရပါတယ်။
အစ္စရေးအစိုးရအဖွဲ့ထဲက လက်ယာစွန်းဝန်ကြီးတွေကတော့ မေလ ၁၄ ရက်မှာကျရောက်တဲ့ အစ္စရေးနိုင်ငံထူထောင်မှု ၇၆ နှစ်ပြည့်လွတ်လပ်ရေးနေ့ အမှတ်တရ အောင်ပွဲအဖြစ် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ တောင်းဆိုခဲ့ကြတာပါ။
ပါလက်စတိုင်းတို့က နက်ဘာ (Nakba) လို့ အာရပ်ဘာသာနဲ့ခေါ်ကြတဲ့ ဘေးဒုက္ခဆိုးကြီးအမည်ရတဲ့ အစ္စရေး-ဟားမားစ်စစ်ပွဲမှာ အခုဆိုရင် ဂျူးစစ်လိုလားသူတွေရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသအတွင်း မိမိတို့အိမ်တွေမှ ထွက်ပြေးရသူ ပါလက်စတိုင်းပြည်သူ ၇၅၀,၀၀၀ ရှိပြီလို့ဆိုခဲ့ကြပါတယ်။
အခုဆိုရင် ၂၀၂၃ ခုနှစ် အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်းသေဆုံးရသူ ပါလက်စတိုင်း အရပ်သား ၃၅,၁၇၃ ဦးနဲ့ဒဏ်ရာရသူ ၇၉,၀၆၁ ဦး ရှိလာပြီလို့ သိရပါတယ်။ အောက်တိုဘာ ၇ ရက် ဟားမားစ်တို့ ရဲ့အကြမ်းဖက်မှုမှာလည်း အစ္စရေးနိုင်ငံတောင်ပိုင်းမှာ သေဆုံးသူ ၁,၁၃၉ဦးအထိ ရှိခဲ့ပါတယ်။
အရပ်သားတွေ သေဆုံးမှုကြောင့် နိုင်ငံတကာနဲ့အစ္စရေးရဲ့အနီးစပ်ဆုံးမဟာမိတ် အမေရိကန်ကပါ ဂါဇာတောင်ပိုင်း ရာဖာမြို့ကို ထိုးစစ်မဆင်ဖို့ ဖိအားပေးနေပေမယ့် အစ္စရေးအစိုးရကတော့ လက်မခံဘဲ ဆက်လက်တိုက်ခိုက်နေတာပါ။တစ်ဖက်ကလည်း ပါလက်စတိုင်း အရပ်သားတွေ သေကြေနေရပေမယ့် အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေလဲလှယ်ဖို့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ နှစ်ဖက်စလုံးကလိုက်လျောမှုတွေ မပြုကြသေးပါဘူး။
Ref-Al Jazeera