၁၅.၅.၂၀၂၄
Written By Zun
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ “နှင်းဆီ” ရွှေဆိုင်ကို သေနတ်ဖြင့် ပစ်ဖောက်ဓားပြတိုက်သူ (၃)ဦးအား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်အချိန်က အဆိုပါ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျိုင်း တုံမြို့ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက MT News ကို ပြောသည်။
“အဲဒီ ၃ ယောက်က နှာခေါင်းစည်းတွေ တပ်ထားပြီးတော့ ကလစ်ဆိုင်ကယ်နဲ့ လာတာ။ ပြီးတော့ သေနတ်ပစ် ဖောက်တယ်။ သေနတ်က နှစ်လက်ပါတယ်လို့ စစ်ဆေးချက်အရ သိရတယ်။ ဆိုင်ထဲက ပိုင်ရှင်နဲ့ဝန်ထမ်းအချို့က မလှုပ်ရဲဘူး။ ပြီးတော့ ဆိုင်ထဲမှာ ရွှေထည်ပစ္စည်းထည့်ထားတဲ့ မှန်ဘီဒိုကိုရိုက်ခွဲယူပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးတယ်ပေါ့ဗျာ။ ဒါကြောင့် သတင်းအရလုံခြုံရေးအဖွဲ့က ပိတ်ဆို့စိစစ်တဲ့အခါနာရီပိုင်းအတွင်း ဖမ်းမိခဲ့တယ်”ဟု အဆိုပါ နီးစပ်သူက ပြောသည်။
ယခုအခါ အဆိုပါ ဓားပြတိုက်သူ ၃ ဦးကို ကျိုင်းတုံရဲရဲစခန်းက ဥပဒေအရ အရေးယူနိုင်ရေးအတွက် စစ်ဆေး မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဓားပြတိုက်ခံရသော ရွှေဆိုင်မှာ ကျိုင်းတုံမြို့၊ အမှတ်(၂) ရပ်ကွက်၊ လွိုင်မွေလမ်းတွင် တည်ရှိကြောင်း၊ ဓားပြတိုက်ရာတွင် ပါသွားသည့် ရွှေထည်ပစ္စည်းများကို ပြန်လည် ရရှိကြောင်းလည်း သိရသည်။