၁၅.၅.၂၀၂၄
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင် အားပေးမှုရရှိလာတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗညားဘုန်းပြည့်နဲ့ ရွှေဆုတို့ကို “အချစ်ခံကြည့် ” MTV မှာ မဖွယ်မရာသရုပ်ဆောင်ထားတယ်ဆိုပြီး ပုဇွန်တောင်ရဲစခန်းက ဖမ်းဆီး အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
“ဗညားဘုန်းပြည်နဲ့ဖူးပွင့်သခင်ဆိုပြီး နှစ်ယောက် အရင်ကျလာတယ်။ ကျလာပြီးမှ ဒီအမှုဖြစ်လာတယ်။ ဖြစ်လာတော့ ဖူးပွင့်သခင်က ကိုယ်တိုင်ကရှောင်နေပြီး သူ တစ်ယောက်ထဲအတွက်ပဲ ဖြေရှင်းနေတယ်။ ကျွန်တော်တို့ အတူတူ သီချင်းကို MTV အားလုံးပုံဖော်ဖန်တီးခဲ့ကြတာပါ။ အကိုတို့ ရေးပေးခဲ့တယ်။ ဇာတ်ညွှန်းဆိုရင် တစ်ပြားတစ်ချပ်မှ မရဘဲ ရွှေဆု ဇာတ်ညွှန်းရေးပေးခဲ့တယ်။ ဒီလို ရိုက်တာနဲ့ပတ်သက်ပြီး ဗညားအဖမ်းခံရတယ်။ ညီမက ဒီအဖွဲ့လုံးရဲ့ တာဝန်ယူထားသူဖြစ်နေတယ်။ အကိုက အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပရောက်နေတာမို့ အခုရွှေဆုလည်း ထပ်အဖမ်းခံရတယ်” လို့ အဆိုပါ သီချင်းရဲ့ တေးရေးမင်းစည်သူက ပြောပါတယ်။
အဆိုပါ သီချင်းရဲ့ ဇာတ်ညွှန်းရေးသားခဲ့တဲ့ ရွှေဆုကိုပါ ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။ အချစ်ခံကြည့် သီချင်းမှာ တေးဆို ၊ သရုပ်ဆောင် ရိုက်ကူးထုတ်လုပ်သူက ဖူးပွင့်သခင်ဖြစ်ပြီး အတူပါဝင်သရုပ်ဆောင်ခဲ့သူက ဗညားဘုန်းပြည့် ၊ ဇာတ်ညွှန်းရေးသူက ရွှေဆု ၊ တေးရေးမှာ မင်းစည်သူတို့ ဖြစ်ပါတယ်။
သရုပ်ဆောင်ဖူးပွင့်သခင် သီဆိုထားတဲ့ “အချစ်ခံကြည့် “တေးသီချင်းမှာ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ရိုက်ကူး ထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဖူးပွင့်သခင်ရဲ့ ဖုန်းကို ယနေ့ မေလ ၁၅ ရက်က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းစက်ပိတ်ထားတာလည်းဖြစ်ပါတယ်။ သူမက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
“ဒီသီချင်း တစ်ခုလုံး အဓိက,က ဖူးပွင့်သခင်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ထပ်ပါတယ်။ ဒါရိုက်တာရော တေးရေးရော အကုန်ထပ်ပါလာတယ်။ ဒီသီချင်းက ညီမကိုယ်တိုင်ထုတ်လုပ်ထားတာ။ နောက်ပြီး ဇာတ်ညွှန်းကို ကျွန်တော်ရယ် ရွှေဆုရယ် ဖူးပွင့်သခင်ရယ် ခေါင်းသုံးခေါင်းနဲ့ရေးခဲ့တယ်။ ရိုက်ပြီးထွက်လာတော့ အကုန်လုံးရေးထားတဲ့ ဇာတ်ညွှန်းနဲ့မတူဘူး ကွဲပြားနေတယ်။ ဇာတ်ညွှန်းနဲ့ MTV ကလည်းမတူဘူးဆိုတာ သက်သေတွေလည်းရှိတယ်။ ရဲစခန်းကလည်းပြောတယ်။ ဇာတ်ညွှန်းနဲ့ MTV တစ်ထပ်ထဲ ကျမနေဘူး။ တချို့အခန်းဆို ပါတောင်မလာဘူး။ ဒီသီချင်းက ဖူးပွင့်သခင် တေးရေးအပ်လို့ရေးတယ် ” လို့ သူကဆက်ပြောပါတယ်။
လက်ရှိဖမ်းခံထားရတဲ့ သရုပ်ဆောင် ဗညားဘုန်းပြည့်နဲ့ရွှေဆုတို့ကိုတော့ ပုဇွန်တောင်ရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ – ၃၃(က)ဖြင့် အမှုဖွင့်အရေးယူနေတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း ” စောင့်ပက် ” သီချင်းနဲ့ ” စကားလေးတစ်ခွန်းပဲဖြေ ချစ်လား ” သီချင်း၊ ဘီယာဗိုက် “သီချင်း သီဆိုသူတွေနဲ့ ပါဝင်သရုပ်ဆောင်သူတွေကို ဗဟန်းမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) အမှုဖွင့်ဖမ်းဆီးအရေးယူထားပါတယ်။