၁၅ .၅ .၂၀၂၄
Written by Hey Mar
လမ်းဖြတ်ကူးသူ အမျိုးသမီးနှစ်ဦးကို YBS ယာဥ်က တိုက်ကြိတ်မိတဲ့ဖြစ်စဥ် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ မေလ ၁၄ ရက်နေ့ ည၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့မြေပြင်ကူညီရှင်းလင်းပေးခဲ့တဲ့ ရွှေမေတ္တာလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်က ဒညင်းကုန်းလမ်းဆုံဘက်ကနေ အင်းစိန်ဘက်ကိုဦးတည်လာတဲ့ YBS ၁၃၁ ယာဥ်လိုင်းက အင်းစိန်မြို့နယ် ဘိုခြံမှတ်တိုင် အနီးမှာ လမ်းဖြတ်ကူးလာသူ မိန်းမရွယ် နှစ်ဦးကို တိုက်မိတာလို့ သိရပါတယ်။
ရွှေမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌက “ကျွန်မတို့ရောက်တော့ ရုပ်အလောင်းတွေကို တာဝန်ရှိသူတွေက သယ်ဆောင် သွားနေပါပြီ။ တစ်ဦးကတော့ ကားအောက်ထဲရောက်ပြီး အောက်ကြိတ်မိတာမို့ နေရာတင် DB ဖြစ်တယ်။ နောက်တစ်ဦးကိုတော့ လူနာတင်ယာဥ်နဲ့ အသက်မှီမလားမျှော်လင့်ချက်နဲ့ ဆေးရုံပြေးကြပေမယ့် လမ်းမှာ ဆုံးတယ်”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။