◾ မျိုးကောင်းမြင်းအထီးနှင့် မျိုးစပ်မည်ဆိုပါကမြင်းမဘက်က ကျပ်ငွေ ၁၅ သိန်းထိ ဈေးပေးရ
၁၅.၅.၂၀၂၄
Written By Zun
မြန်မာနိုင်ငံတွင် ပြိုင်မြင်းမွေးမြူရေးကို သုတေသနပြု၍ ပထမဆုံးအကြိမ်အဖြစ် ဆောက်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ထံက သိရသည်။
“ပြိုင်မြင်းတွေကိုစနစ်တကျလုပ်နိုင်ဖို့၊ နောက်ပြီးတော့ မျိုးကောင်းမျိုးသန့် တကယ်ရနိုင်ဖို့ပါ။ အခုက အပြင်မှာ အထီးနဲ့အမ စပ်ချင်တဲ့မျိုးကိုစပ်တယ်။ ထွက်ချင်တဲ့မျိုးတွေ ထွက်လာတာမျိုးတွေပေါ့နော်။ မြင်းစီးအားကစားမှာက အားကစားနည်းအများကြီးရှိတာကိုး။ ပြေးခုန်တာလည်းရှိမယ်။ တန်းခုန်တာလည်း ရှိမယ်။ အလှခုန်တာလည်း ရှိမယ်။ ပြီးရင် Rose House တွေပေါ့နော်။ ဒုန်းပြေးတဲ့ပြိုင်ပွဲတွေရှိမယ်။ အဲဒါတွေမှာ တစ်မျိုးချင်းစီပြိုင်ရတဲ့ မြင်း အမျိုးအစားတွေကမတူဘူးလေ။ နောက်ပြီးတော့ သူ့မြင်းနဲ့သူ၊ သူ့အမျိုးအစားနဲ့သူ သေချာစနစ်တကျ လေးဖြစ်လာဖို့အတွက်ကို ဒီလိုသုတေသနလုပ်ငန်းတွေ လိုအပ်လာတယ် ”ဟု မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ဦးဝင်းအောင်က MT News ကို ပြောသည်။
ယင်းသို့ သုတေသနပြု၍လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် မွေးမြူရေးသုတေသနဦးစီးဌာနနှင့် သုတေသနဆိုင်ရာ သဘောတူညီချက်စာလွှာ လက်မှတ်ကို ပြီးခဲ့သည့် မေလ ၆ ရက်တွင်နေပြည်တော်ည(ရေဆင်း) ရှိမွေးမြူရေးသုတေသန(ရုံးချုပ်)၊အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း လည်း သိရသည်။
“အရင်ကဒီလိုမျိုးသုတေသနမလုပ်ဘူးဘူးပါဘူး။ ဒါ ပထမဦးဆုံးပါ။ ကျွန်တော်တို့က ဝန်ကြီးဌာနနဲ့ဆက်နွှယ်ပြီးတော့ လုပ်ရတဲ့လုပ်ငန်းအချို့ရှိတယ်။ လုပ်ခဲ့ဖူးဘယ်။ ဒါပေမဲ့ ဒီ သုတေသနနဲ့ပတ်သက်ပြီး စနစ်တကျသေချာ လုပ်ဖို့ဆိုတာကဒါပထမဦးဆုံးပါ။ အဓိက,ကတော့ မျိုးကောင်းမျိုးသန့်ဘယ်မြင်းအထီးနဲ့ဘယ်မြင်းအမနဲ့စပ်လို့ရှိရင် ကိုယ်လိုချင်တဲ့ ဘယ်မြင်းထွက်လာမလဲဆိုတာက တစ်ချက်။ နောက်တစ်ချက်က မြင်းထီးဝယ်ထားတဲ့၊ မြင်းထီးရှိနေတဲ့ မြင်းပိုင်ရှင်တွေက မြင်းမ လာစပ်ရင် သူတို့က ပိုက်ဆံရတယ်။ နှစ်သိန်းကနေဆယ့်ငါးသိန်းအထိရှိတယ်။ မြင်းထီးပိုင်ရှင်တွေကရတယ်။ မြင်းမပိုင်ရှင်တွေက မြင်းမသားတောင်းပြီဆိုရင် သွားပြီးတော့စပ်လိုက်တာက တစ်ကဏ္ဍပါပဲ။ သားတောင်းတာက မျိုးပြိုနှုန်းအပေါ်မှာမူတည်ပြီးတော့ သားရတာမရတာကစကားပြောတယ်။ ဒီမြင်းမဟာမျိုးပြုနိုင်တဲ့နှုန်း ဘယ်လောက်ရှိလဲ။ အကောင်အရေအတွက်နဲ့ သေချာစက်တွေနဲ့ နည်းပညာနဲ့ သေချာ ဒါတွေကိုစစ်ဆေးနိုင်တဲ့အချိန်ကိုရောက်လာပြီ။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ မြင်းမပိုင်ရှင်က သွားစပ်လိုက်တဲ့အချိန်မှ သားဖောက်ဖို့သွားစပ်လိုက်တယ်။ စပ်ပြီးတော့ မျိုးမရလာဘူးဆိုရင် မျိုးမရလာရင်သူတို့မှာဆုံးရှုံးမှုရှိတယ်။ မြင်းထီးဘက်ကလည်းမျိုးအောင်တဲ့မြင်းထီးနဲ့ မျိုးမအောင်တဲ့မြင်းထီးရှိတယ်။ ပြောချင်တာက ပိုးအရေအတွက် သုတ်ပိုးအရေအတွက်မီတဲ့မြင်းမျိုးနဲ့ သုတ်ပိုးအရေအတွက် မမီတဲ့မြင်းမျိုး၊ အရေအတွက်မမီရင် မအောင်ဘူးပေါ့။ အရေအတွက်မီမှအောင်မှာလေ။ အဲ့လိုမျိုးလေးတွေကအစ နည်းပညာတွေနဲ့ဒါတွေကိုလုပ်နိုင်ပြီဆိုရင်နှစ်ဦးနှစ်ဖက်လုံးအတွက် ဆုံးရှုံးမှုဘယ်ရှိလိမ့်မလဲနော်။ ဒါကတော့ ဥပမာတစ်ခုအနေနဲ့ပြောပြတာပါ။ နောက်တစ်ခုက မျိုးရသွားတယ်။ မျိုးရသွားပြီး ၆ လ၊ ၇ လနောက်ပိုင်းဆိုရင် အကောင်အထည်ပေါ်လာပြီ။ ဗိုက်ထဲမှာ ကလေးက အကောင်အထည်ပေါ်လာပြီဆိုရင် မြင်းမတွေအနေနဲ့ ကလေး ရဲ့လှုပ်ရှားမှုကြောင့် သူတို့မှာသားတောင်းသလိုမျိုး ပြန်ဖြစ်တယ်။ အဲလိုဖြစ်တာကို မြင်းပိုင်ရှင်တွေက သားတောင်းတယ်ထင်ပြီးတော့ သားတစ်ခါပြန်စပ်လိုက်တယ်။ ပြန်စပ်လိုက်တော့ အထဲက ကလေးကသေရော။ အဲ့လိုဆုံးရှုံးမှုတွေပေါ့နော်။ နည်းစနစ်တကျမလုပ်နိုင်သေးတဲ့အတွက် အဲလိုဆုံးရှုံးမှုလေးတွေတော့ရှိနေတယ်။ ဒါက နယ်တွေဘက်မှာမကြာခဏဖြစ်လေ့ရှိတယ်။ အဲဒါလေးတွေကို သေချာကာကွယ်ပေးနိုင်တယ်။ နည်းပညာနဲ့သေချာလုပ်ပေးလိုက်နိုင်တယ်ဆိုရင် မြင်းမွေးမြူတဲ့သူတွေအတွက် အကျိုးရှိမှာပေါ့နော်။ ဒီအတွက်ကို လုပ်ဆောင်တာပါ”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရေး၊ မြင်းစီးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး ရည်ရွယ်၍ ခရီးရှည်မြင်းစီးအားကစားအရည်အချင်းစစ်ပြိုင်ပွဲ FEI, One star Qualification round-3 ကို ဇွန်လကုန်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။