၁၄. ၅. ၂၀၂၄
Written by Ye Kyaw
ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်မည်ဆိုခြင်းနှင့် လတ်တလော အရောင်းအဝယ်အေးနေခြင်းတို့ကြောင့် ကမ္ဘာ့ရွှေဈေးမြင့်တက်ချိန် ပြည်တွင်းရွှေဈေး ယခင်ကဲ့သို့ ခုန်တက်မှုမရှိတော့ဘဲ ဖြည်းဖြည်းချင်းသာ အတက်အကျဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ရွှေကို အရေးကြီးကုန်စည်သတ်မှတ်တော့မှာ အဲဒါလည်းပါတာပေါ့။ ဒီလောက်ကတော့လည်း လူတွေက သိပ်ပြီးအဝယ်မရှိတော့ဘူး။ ဈေးကစားတယ်ဆိုတာကလည်း အဝယ်ရှိမှ လုပ်လို့ရတာ။ အဝယ်နည်းတာရော၊ အရေးကြီးကုန်စည်အဖြစ်သတ်မှတ်မယ်ဆိုတာ ထွက်ပေါ်လာတာရောဆိုတော့ ဈေးအရမ်းမတက်တော့တာ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောသည်။
ကမ္ဘာ့ရွှေဈေးသည် မေလ ၉ ရက်အထိ တစ်အောင်စလျှင် ဒေါ်လာ ၂၃၁၀ ဝန်းကျင်သာရှိခဲ့ရာမှ မေလ ၁၀ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၂၃၇၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် တစ်အောင်စလျှင် ဒေါ်လာ ၂၃၅၀ ကျော်ဖြစ်ပေါ်လျက်ရှိသည်။
သို့သော် ပြည်တွင်းရွှေဈေးနှုန်းသည် မေလ ၈ ရက်အထိ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၈ သိန်းကျော်ရှိခဲ့ရာမှ မေလ ၁၁ ရက်တွင် ကျပ် ၄,၈၆၀,၀၀၀ ဖြစ်ပေါ်ခဲ့သည်။ မေလ ၁၂ ရက်တွင် ကျပ် ၄,၈၇၅,၀၀၀ ဖြစ်ပေါ်ခဲ့ပြီး မေလ ၁၃ ရက် (ယမန်နေ့) ဈေးနှုန်းပိတ်ချိန်တွင် ကျပ် ၄,၈၆၀,၀၀၀ သို့ ပြန်ကျခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် ကျပ် ၄,၈၇၅,၀၀၀ သို့ ပြန်မြင့်တက်ခဲ့၍ ယခုရက်ပိုင်းအတွင်း ကျပ် ၁၅,၀၀၀ ဝန်းကျင်ခန့်သာ ဈေးနှုန်းအတက်အကျ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်နိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးဖြင့် ပူးပေါင်းရေးဆွဲနေပြီး မကြာမီ ဥပဒေထွက်ရှိတော့မည်ဖြစ်ကာ အဆိုပါဥပဒေ ထုတ်ပြန်အတည်ပြုပြီးပါက ရွှေဈေးကွက် တည်ငြိမ်သွားမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ရွှေရောင်းဝယ်မှုအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ပြီးပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ ရွှေအရောင်းအဝယ်ပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည့်အပြင် ငွေကျပ်ငါးသိန်းထက်မပိုသော ဒဏ်ငွေကိုပါ ချမှတ်ခံရမည်ဖြစ်သည်။