၁၄.၅.၂၀၂၄
Written by KL
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ ဘဲလေးကန်လမ်းတွင် မေလ ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်၍ အမျိုးသား ၃ ဦး မီးလောင်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရပ်ကွက်တွင်းနေထိုင်သူများ၏ ပြောကြားချက်အရ မီးပုံပျံ ပြုလုပ်ရန် ယမ်းထောင်းစဥ် မတော်တဆပေါက်ကွဲရာမှမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘာတွေလောင်လဲမသိဘူး။ တအုန်းအုန်းနဲ့ ပေါက်တဲ့အသံတွေကြားရတယ်။ အိမ်တစ်လုံးတော့ မီးအကုန်လောင်သွားတယ်။ လူတွေလည်း ထိတယ်လို့ကြားတယ်”ဟု မင်္ဂလာရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် မီးလောင်ဒဏ်ရာများရရှိသူ အသက် ၃၅ နှစ်မှ အသက် ၄၀ ဝန်းကျင်ကြားရှိ အမျိုးသား ၃ ဦးအနက် ၂ ဦးမှာ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာများရရှိပြီး ကျန် ၁ ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်း မီးလောင်ဒဏ်ရာများ ရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူများကို အောင်ပန်းနာရေးကူညီမှုအသင်းမှ အသင်းဝင် ၈ ဦးက အောင်ပန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် လိုအပ်သော ဆေးဝါကုသမှုများ ကနဦးလုပ်ဆောင်ပေးခဲ့ပြီး တောင်ကြီးမြို့နယ် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များ၊ တာဝန်သိပြည်သူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။