၁၄. ၅. ၂၀၂၄
Weitten by Nay Moe
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ဦးစီးချုပ်နဲ့ အမှတ် (၁) စစ်ဒေသရဲ့ စစ်ဒေသမှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်း (Ruhkyau Hkawng Lum) ဟာ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက် ညနေ ၆ နာရီ၂၃ မိနစ်အချိန်မှာ ခရစ်တော်၌ အိပ်ပျော်သွားတယ် ကြားသိရလို့ NUG အနေနဲ့ အတိုင်းမသိဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်သဝဏ်လွှာပေးပို့လိုက်ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဟာ NUG ရဲ့ အရင်းနှီးဆုံးသော မဟာမိတ်အဖွဲ့အစည်းကြီးတစ်ဖွဲ့ဖြစ်သလို စစ်ဦးစီးချုပ် R. ခေါင်လွမ်းကလည်း အမှတ် (၁) စစ်ဒေသကို မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ပြီး အထူးအရေးပါတဲ့ ဦးဆောင်မှုလည်း ပြုခဲ့လို့ R. ခေါင်လွမ်းကို ဆုံးရှုံးရမှုဟာ ကချင်အမျိုးသားထုအတွက်သာမက တိုင်းပြည်နဲ့ လူထုတစ်ရပ်လုံးအတွက် ပြန်လည်အစားထိုးခြင်းငှာ မစွမ်းသာတဲ့ ဆုံးရှုံးမှုကြီးဖြစ်ပြီး ကာယကံရှင် မိသားစုနဲ့ ထပ်တူထပ်မျှ အထူးဝမ်းနည်းရတယ်လို့ NUG က ပြောပါတယ်။
KIA စစ်ဦးစီးချုပ် R ခေါင်လွမ်းသေဆုံးရတာက အသည်းကင်ဆာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပေမဲ့လည်း စစ်ဦးစီးချုပ်တစ်ယောက်ကို ထိရောက်စွာမကုတာ၊ မတ်လ ၂၀ ရက်ကတင် ကျန်းမာပကတိနဲ့ သိမ်းထားတဲ့ဘွမ်ရေဘွမ့်စစ်စခန်းကို NUG ကာကွယ်ရေးဝန်ကြီးနဲ့ လိုက်စစ်ခဲ့သူက နှစ်လမပြည့်ခင်သေတာ၊ တရုတ်ဆေးရုံတွေ တင်ပို့လို့ရပေမဲ့ မတင်ပို့ဘဲ လိုင်ဇာမှာသေဆုံးသွားတယ်ဆိုတာတွေကြောင့် R. ခေါင်လွမ်းသေဆုံးမှုဟာ အသည်းကင်ဆာဆိုတာထက် တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ရပ်ကြောင့် သေဆုံးရတယ်လို့လည်း ယူဆမှုရှိနေပါတယ်။