၁၄. ၅. ၂၀၂၄
Written by Nyein Kyaw
လုံခြုံရေးလစ်ဟာမှုမရှိစေရေးအတွက် လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ပြည်သူအပေါ် အနိုင်ကျင့်မှု၊ အဓမ္မငွေကြေးကောက်ခံမှုများ မပြုလုပ်ရန် တာဝန်ရှိသူများက အထူးကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား ယမန်နေ့က တွေ့ဆုံအမှာစကားပြောစဉ် ပြောကြားခဲ့သည်။
လုံခြုံရေးလုပ်ငန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လစ်ဟာမှုမရှိစေရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ပြည်သူ့အပေါ် မလိုလားအပ်သည့် နိုင်ကျင့်မှုများ၊ အဓမ္မငွေကြေးကောက်ခံမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေဘောင်အတွင်းမှ စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ပြည်သူ့စစ်မှုထမ်းနှင့် ပတ်သက်၍ ဥပဒေများ ထုတ်ပြန်ပြီး ဥပေဒေဘောင်အတွင်းမှ ဆောင်ရွက်နေမှုများအပေါ် တည်ငြိမ်အေးချမ်းမှုကို ပျက်စီးလိုသည့် ပြည်ဖျက်မီဒီယာအချို့က ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် မဟုတ်မမှန် ကောလာဟလသတင်းများ ထုတ်လွှင့်လျက်ရှိသည်ကို တွေ့ရှိရပြီး မိမိတို့အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အထောက်အကူဖြစ်စေရန်အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် နှစ်စဉ်နိုင်ငံတော်မှ ခွဲဝေပေးသည့် ဘတ်ဂျက်ဖြင့်သာ မရပ်တည်ဘဲ မိမိတိုင်းဒေသကြီး၏ ရှာဖွေရရှိသည့် ဘတ်ဂျက်ဖြင့် ရပ်တည်နိုင်သည့်အထိ အဆင့်လိုက် အစီအမံကောင်းများ ရေးဆွဲဆောင်ရွက်ကြရန်လိုကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။