၁၄.၅.၂၀၂၄
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ပဲခူး-ရန်ကုန် အဝေးပြေးလမ်း(လမ်းဟောင်း)ဆယ်မိုင်ကုန်းအဆင်း ဘူးလယ်အင်းကျေးရွာအနီးတွင် မေလ ၁၂ ရက် နံနက်ပိုင်းက ကိုယ်ပိုင်ယာဥ်တစ်စီး လမ်းလယ်ကျွန်းကို ဝင်တိုက်ပြီး တစ်ဖက်ယာဥ်ကြောမှ ၂၂ ဘီးတွဲကားကို ထပ်မံတိုက်မိရာမှ သားအဖ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ Honda Acty အဖြူရောင်ယာဥ်တွင် သားအဖ ၃ ဦးလိုက်ပါလာပြီး ရန်ကုန်မှ ပဲခူးဘက်သို့မောင်းနှင်လာစဉ် ဘူးလယ်အင်းကျေးရွာအနီး၌ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို တိုက်မိပြီး လမ်းတစ်ဖက်ခြမ်းသို့ ရောက်ရှိကာ ပဲခူး မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီး အဖြူရောင်တွဲကားကို ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါယာဥ်တိုက်မှုကြောင့် Honda Acty အဖြူရောင်ယာဥ်တွင် လိုက်ပါလာသော အသက် ၄၇ နှစ်အရွယ် ဦးမျိုးဇော်ဦး၊သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်ကောင်းခန့်ကို၊ အသက် ၁၂ နှစ်အရွယ် မဆုလဲ့ရတီတို့ နေရာတွင်ပင် သေဆုံးခဲ့သည်။
“ကား Hijet လို ကားသေးပဲ။ မောင်းနေရင်း ဘရိတ်ပေါက် သွားတယ်ထင်တယ်။ လမ်းလယ်ကျွန်းကို တိုက်ပြီး တစ်ဖက်က ၂၂ ဘီးကို ထပ်တိုက်မိတာ။ ကားကတော့ အဝေးကကြည့်တာ ဘာကားလဲတောင်မသိတော့ဘူး တစ်စစီပဲ။ အိုးဝေတောင်ထင်လိုက်သေးတယ် “ဟု ယာဥ်တိုက်မှုကို မြင်တွေ့ခဲ့သူက ပြောသည်။
သေဆုံးသူ သားအဖ ၃ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ယာဥ်တိုက်မှုဖြစ်သောနေ့တွင်ပင် နေ့ချင်းသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။