၁၄. ၅ . ၂၀၂၄
Written by Nyein Kyaw
ပြည်ပထွက်ခွာသူများ UID နံပါတ်အား သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် ကြိုတင်ထုတ်ယူရန်နှင့် ကြားပွဲစားများဖြင့် UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် လူမှုဘဝမြှင့်တင်ရေးတို့အတွက် အီလက်ထရောနစ်နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ လဝက မြိုနယ်ရုံးများနှင့် Mobile Team များ ကွင်းဆင်းဆောင်ရွက်မှုများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပြည်သူများ အနေဖြင့် UID နံပါတ် ရရှိရေးအတွက် ကြားပွဲစားများဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး (Passport) ရုံးများနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်၊ နယ်စပ်ဂိတ်များတွင် တရားဝင်ထုတ်ပေးထားခြင်းမရှိသည့် UID နံပါတ်အတုများ အသုံးပြုခဲ့သဖြင့် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
သို့ဖြစ်ပါ၍ အကြောင်းအမျိုးမျိုးကြောင့် UID နံပါတ်ရယူလိုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လဝက မြိုနယ်ရုံးများသို လူကိုယ်တိုင်သွားရောက်ဆောင်ရွက်ကြရန်နှင့် ကြားပွဲစားများဖြင့် UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း ပြည်ပထွက်ခွာလိုသည့် ပြည်သူများအနေဖြင့် ၎င်းတိုနှင့်သက်ဆိုင်သည့် လဝက မြိုနယ်ရုံးများ၌ UID နံပါတ် ဆောင်ရွက်ထုတ်ယူခဲ့ခြင်းမရှိဘဲ နယ်စပ်ဒေသများရှိ UID လုပ်ငန်း ဆောင်ရွက်သည့်နေရာများ၌သာ UID နံပါတ်ရရှိရေးအတွက် အရေးတကြီး ပြုလုပ်ဆောင်ရွက်လျက် ရှိကြသဖြင့် ယင်းနေရာ၌သာ လူစုလူဝေးများဖြစ်ပေါ်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအချိန် နှောင့်နှေး ကြန့်ကြာခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ပြည်ပ ထွက်ခွာလိုသူများ သက်ဆိုင်ရာ လဝကရုံးများ၌သာ ကြိုတင်ထုတ်ယူရန် အသိပေးထားသည်။
ယင်းကဲ့သို့ သက်ဆိုင်ရာမြို့နယ်ရှိ လဝကရုံးများ၌ UID နံပါတ် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် eIDDept မှတစ်ဆင့်ဆက်သွယ်တိုင်ကြားရန်လည်း အသိပေးကြေညာထားသည်။
UID နံပါတ်ဆိုသည်မှာ လူတစ်ဦးချင်းစီ ကိုင်ဆောင်သည့် နိုင်ငံသားဆိုင်ရာ အသိအမှတ်ပြု ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးနှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် (Passport) ၏ ကိုယ်ရေးအချက်အလက်များအပေါ်မူတည်၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင် ရာ အချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် (၁၀) ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ပေါင်းစပ်ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ်အား Random ဖြင့် ကျရာနံပါတ် ထုတ်ပေးခြင်းဖြစ်သည့်အတွက် ကာယကံရှင်ကိုယ်တိုင်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။