၁၃. ၅.၂၀၂၄
Written by Nay Moe
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ အသက် ၆၂ နှစ်အရွယ် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ဒီနေ့ မေ ၁၃ ရက် ညနေ ၆ နာရီ ၂၃ မိနစ်မှာ အသည်းရောဂါနဲ့ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ အသည်းရောဂါနဲ့ဆေးရုံက ဆင်းလာအပြီး ၄ ရက်အကြာမှာ ဆေးစားဆေးသောက်လုပ်နေရင်း သေဆုံးသွားတာလို့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အတည်ပြုထားသလို လူသိများတဲ့ ကချင်အမျိုးသမီး Activist ခွန်ဂျာကလည်း ဘီဘီစီသတင်းကို မျှဝေပြီး “လေးစားဂုဏ်ယူရပါသော ခေါင်းဆောင်၊ ဘုရားသခင်ရဲ့ ရင်ခွင်မှာ ငြိမ်းချမ်းစွာ အနားယူပါ”လို့ KIA စစ်ဦးစီးချုပ်သေဆုံးမှုကို မျှဝေထားပါတယ်။
KIA စစ်ဦးစီးချုပ်ဟာ လိုင်ဇာမြို့မှာ ကွယ်လွန်သွားတယ်လို့သိရပြီး လက်ရှိအခြေအနေဖြစ်နေတာတောင် တရုတ်ပြည်ဘက်ဆေးကုမသွားတဲ့အခြေအနေတွေကြောင့် အသည်းရောဂါနဲ့ကွယ်လွန်တယ်ဆိုတာထက် လေကြောင်းတိုက်ခိုက်မှုတစ်ခုခုမှာ ထိမှန်ဒဏ်ရာရထားတာကို ကုသရင်းက သေဆုံးသွားတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
KIA စစ်ဦးစီးချုပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်တုန်းက ဘွမ်ရေဘွမ့်စခန်းသိမ်းပိုက်အပြီးမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ သွားကြည့်တဲ့ ရုပ်ပုံထုတ်ပြန်ခဲ့သလို အဲဒီရက်ပိုင်းမှာ ဦးရည်မွန်၊ ဦးလွင်ကိုလတ်နဲ့ ဦးတင်ထွန်းနိုင်တို့ တိုင်းရင်းသား ဗိုလ်ချုပ်ကြီးတွေပါဝင်တဲ့ မဟာမိတ်နယ်မြေမှာ အစည်းအဝေးလုပ်နေချိန် ပေါင် ၅၀၀ ဗုံးလေးလုံးကြဲချခံရပြီး ဗိုလ်မှူးချုပ်တစ်ယောက်ခြေထောက်ဒဏ်ရာအပြင်းအထန်ရတယ်လို့လည်း ဦးတင်ထွန်းနိုင်က မေလ ၁၁ ရက်မှာ ရေးသားခဲ့တာကြောင့် အချိန်အခါအရ NUG ဝန်ကြီးသုံးယောက်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေးပွဲ ဗုံးကြဲခံရချိန် ထိခိုက်သေဆုံးတာလို့လည်း ယူဆမှုရှိနေပါတယ်။
KIA စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ရန်ကုန်တက္ကသိုလ်ကဘွဲ့ရခဲ့သလို ၁၉၈၈ နောက်ပိုင်း KIA ကို ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုစစ်ဦးစီးချုပ်ရာထူးကနေ စစ်ဦးစီးချုပ်အဖြစ် တိုးမြှင့်ခံရသူလည်းဖြစ်ပါတယ်။
ပုံစာ – NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း။