၁၃.၅.၂၀၂၄
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန််းစုမြို့နယ်၊ တောပြားကြီး ကျေးရွာတွင် နေထိုင်သော ရေလုပ်ငန်းရှင်တစ်ဦးကို ရေလုပ်သား ၂ ဦးက ကျောက်ခဲဖြင့်ထုကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြိတ်မြို့မှ ရေလုပ်သား လုပ်ကိုင်ရန် ခေါ်ဆောင်လာသော ရဲနိုင်ဦးနှင့် ထွေးကိုဆိုသည့် လူငယ် ၂ ဦးက စရန်ငွေယူပြီး အလုပ်မလုပ်ချင်သဖြင့် ပင်လယ်ပြင်တွင် အသက် ၃၃ နှစ်အရွယ် စက်လှေပိုင်ရှင် ကိုသောင်းမြတ်စိုး အိပ်ပျော်နေစဥ် ကျောက်ခဲဖြင့် ထုသတ်ပြီး ကျောက်ခဲဖြင့်တွဲကာ ရေထဲပစ်ချထားခဲ့ကြောင်း တောပြားကြီး ကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးက ပြောသည်။
“ကျွန်မတို့ကျွန်းနားမှာ အလောင်းကို ပြန်တွေ့တယ်။ ထုသတ်ထားတာ ရက်ရက်စက်စက်ပဲ”ဟု ကျွန်းစုဒေသခံတစ်ဦးက ပြောသည်။
ရေလုပ်ငန်းရှင်ကို သတ်ပြီး လှေနှင့် ငွေများကို ယူဆောင်ကာ ထွက်ပြေးခဲ့သော ရေလုပ်သားလူငယ် ၂ ဦးမှာ မြိတ်မြို့ အင်းလေးမြိုင်ရပ်ကွက်တွင် လာရောက်တိမ်းရှောင်နေသဖြင့် တာဝန်ရှိသူများက ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်။
အသတ်ခံရသော အသက် ၃၃ နှစ်အရွယ် ရေလုပ်ငန်းရှင် အမျိုးသားမှာ သားလေးတစ်ဦး ကျန်ရစ်ခဲ့ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း သိရသည်။
အသတ်ခံရသော ကိုသောင်းမြတ်စိုးကို မနက်ဖြန် မေလ ၁၄ ရက်တွင် တောပြားကြီးကျေးရွာသုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ရေလုပ်ငန်းရှင်ကို သတ်ဖြတ်သူ၂ဦးမှာ မြိတ်မြို့တွင် ခိုးမှုလုယက်ရိုက်နှက်မှုများ ကျုးလွန်ခဲ့သူများဖြစ်ပြီး အမှုမှ တိမ်းရှောင်နေသူများလည်းဖြစ်ကြောင်း၊ လက်ရှိတွင် တရားခံနှစ်ဦးကို ကျွန်းစုမြို့မရဲစခန်းက (ပ) ၁၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀/၁၁၄၊ အမှုကြီးအမှတ်စဉ် ၃/၂၀၂၄ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။