၁၃.၅.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာအနီး၊ ရန်ကုန်-ပြည်ကားလမ်းမတွင် Express ခရီးသည် “ဂန္ဓဝင်သစ်”ယာဥ်မှ အရှိန်လွန်၍ ကား ၃ စီးအားဆင့်တိုက်မိရာက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ မေလ ၁၃ ရက် နေ့လယ် ၂ နာရီခွဲ အချိန်တွင် ပြည်မှ ရန်ကုန်သို့မောင်းနှင်လာသည့် Express ခရီးသည်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာ Hond Fit ခဲရောင်ယာဉ်မှာ လမ်းဘေးသို့ထိုးကျရာ ကလေးငယ်တစ်ဦးမှာ ညပ်နေခဲ့ပြီး Hino ကုန်တင်ယာဥ်လည်း လမ်းဘေးသို့တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
“Express ခရီးသယ်ယာဥ်က တိုက်မိတာ။ အဲ့ဒီယာဥ်ပေါ်မှာ ခရီးသည်တွေတော့ မပါလာဘူး။ အဲ့ဒီကားတိုက်လို့ အိမ်စီးယာဥ်နဲ့ နောက်ထပ်ကားကိုလည်း တိုက်မိတာ။ အိမ်စီးကားထဲမှာ စုစုပေါင်း ၃ ယောက်။ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ယောက်သေတယ်။ ၂ ယောက်လည်း အခြေအနေမကောင်းဘူး” ဟု မြေပြင်အား သွားရောက်ကူညီသည့် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။
ထိုယာဥ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းတို့မှ အိမ်စီးကားထဲ၌ ညှပ်နေသည့် ကလေးငယ်ကို ကယ်ထုတ်ခဲ့သော်လည်း ကလေးငယ်မှာသေဆုံးသွားပြီး ထိုယာဥ်ထဲ၌ လိုက်ပါလာသည့် ၂ ဦးကလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လမ်းဘေးသို့ တိမ်းမှောက်နေသည့် ကုန်တင်ယာဉ်အား ဘထ္ထရီခေါင်းဖြုတ်ခြင်း၊ အအေးပေးခြင်း၊ကားအတွင်းသယ်ဆောင်လာသော ဆီပီပါများအား လွတ်ရာသို့ ရွှေ့ပြောင်းခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့ရာ နေ့လယ် ၃ နာရီ၂၉ မိနစ်အချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများအားလုံးပြီးဆုံးခဲ့ကြောင်း သိရသည်။
Photo – Credit