၁၃.၅.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၆) ရပ်ကွက်၊ အောင်မြေသာယာဘုရားလမ်းတွင် ဆယ်အိမ်မှူးတစ်ဦးအား PDF များက သေနတ်ဖြင့် လေးချက် ရက်ရက်စက်စက် ပစ်သတ်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက MT News ကို အတည်ပြုပြောကြားသည်။
ထိုဖြစ်စဥ်မှာ အသက် ၂၄ နှစ်အရွယ် ဆယ်အိမ်မှူးကိုအောင်ကျော်ထူးက ယနေ့နေ့လယ် ၂ နာရီကျော်အချိန်က အောင်မြေသာယာဘုရားလမ်းရှိ ဆန်ဆိုင်နံဘေး လမ်းဘေးတွင် ထိုင်နေစဉ် လမ်းလျှောက်လာသည့် PDF နှစ်ဦးက အနီးကပ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
“နေ့ခင်းက ဖြစ်တာ။ အနီးကပ်ပစ်တာ။ ဟုတ်တယ်လေ။ အခုဆုံးသွားပြီ။ လုံခြုံရေးလုပ်ငန်းစဉ်တွေကို ဆက်လုပ်နေကြတယ်”ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသောကြောင့် ဆယ်အိမ်မှူး၏ ဝမ်းဗိုက် ချက်အထက်တွင် ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက် ချက် အောက် ဖောက်ဝင်ဒဏ်ရာ၊ ကျောကုန်းဖောက်ထွက်ဒဏ်ရာနှစ်ချက်၊ စုစုပေါင်းကျည်ဒဏ်ရာလေးချက် တွေ့ရှိခဲ့ပြီး အခင်းဖြစ်နေရာမှ ၉ မမကျည်ခွံ ၂ ခု တွေ့ရှိခဲ့ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။