◾ သေမှုသေခင်းကိစ္စအတွက် ဘော်ဒါဆောင်ရှိသူများအား ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေဟု သိရ
၁၃. ၅. ၂၀၂၄
Written By Zun
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရှိ ကိုယ်ပိုင်ဘာသာရပ်သင်အထက်တန်းသင်တန်း(ဘော်ဒါ ဆောင်) လေးထပ်အဆောက်အအုံပေါ်မှ ခုန်ချသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့သူ အသက် ၁၈ နှစ်အရွယ် ကျောင်းသူကို ယနေ့ မေလ ၁၃ ရက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရပြီး အဆိုပါ သေမှုသေခင်းနှင့်ပတ်သက်၍ ယခုအခါ ရဲတပ်ဖွဲ့က ဘော်ဒါ ဆောင်ရှိသူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် နီးစပ်သူတစ်ဦးက MT News ကို ယနေ့ မေလ ၁၃ ရက်တွင် ပြောသည်။
“အခုလို ကာလမှာ အခက်အခဲတွေကြားထဲက ပညာရေးကို သင်ယူနေရတာ။ အခုလို ဖြစ်သွားတော့ စိတ်မကောင်းဘူး။ ကလေးမလေးက အဖေ၊ အမေလည်းမရှိတော့ ပိုပြီးတော့ စိတ်မကောင်း ဖြစ်ရတယ်”ဟု အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက MT News ကို ပြောသည်။
သေဆုံးသည့် ကျောင်းသူအမျိုးသမီးငယ်မှာ မိတ္တီလာမြို့၊ မြို့သစ်(၁) ရပ်ကွက်၊ ရန်အောင်မြင်လမ်းရှိ —– ကျူရှင် ဘော်ဒါဆောင်သို့ လွန်ခဲ့သည့် (၁၀) ရက်ခန့်က Grade (12) ကျူရှင်တက်ရောက် သင်ကြားရန်ရောက်ရှိခဲ့သည့် မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာအုပ်စု၊ ခံပင်အိုင့်ရွာတွင် နေထိုင်သူ မ—-(၁၈) နှစ် ဖြစ်ကြောင်း၊ မေလ ၁၂ ရက် နံနက် ၉ နာရီခန့်က ကျောင်းသူများနေထိုင်ရာ (၄)လွှာထပ်၊ ဝရန်တာမှ ခုန်ချခဲ့၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းသူမှာ ဒဏ်ရာရသွားသောကြောင့် မိတ္တီလာပြည်သူဆေးရုံကြီးကို ပို့ဆောင်သော်လည်း ယင်းကတစ်ဆင့်နေပြည်တော်ဆေးရုံကြီးသို့ ဆက်လက်လွှဲပြောင်းသည့် အတွက် လွှဲပြောင်းသယ်ဆောင်ကာ ဆေးကုသနေစဉ် ယင်းနေ့ ညနေပိုင်းတွင်ပင် ရရှိသောဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲ ၂ နာရီက သင်္ဂြိုဟ်ခဲ့တယ်။ ကျွန်တော်တို့ကတော့ မလိုက်ပို့ဖြစ်ပါဘူး။ အဲဒီကလေးမလေးက အဒေါ် တွေ ဦးလေးတွေနဲ့နေတယ်လို့ သိရတယ်။ ဖြစ်တဲ့နေ့က ဘော်ဒါဆောင်မှာ တခြားကလေးမလေး တစ်ယောက်က ဘုရားပန်းလဲနေတဲ့အချိန်၊ ဝရန်တာက ခုန်ချဖို့ လုပ်နေတာကို မြင်လို့ လိုက်ဆွဲတာ မရလိုက်ဘူးတဲ့။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ ကြိတ်ပြီးလုပ်နေ ကြတာ။ ဆေးရုံမှာ ဆေးကုရင်းဆုံးသွားတော့မှ ဒီကိစ္စက သတင်းထွက်လာတာ။ ရပ်ကွက်အုပ်ချုပ်ရေးကိုလည်း အကြောင်းမကြားဘူး။ ကလေးမလေးက ဘယ်လိုကြောင့် အခုလို ဖြစ်ရတယ် ဆိုတာကို မသိကြရသေးဘူး။ ထုတ်ပြောတာကို မရှိတာ။ အခုထိ ဘာကြောင့်ဆိုတာ မသိရသေးတာ။ ဘော်ဒါဆောင်နာမည်ကိုတော့ ကျွန်တော်မပြောလိုပါဘူး”ဟု အဆိုပါ ဒေသခံတစ်ဦးက သူ၏ သိရှိမှုကို MT News ကိုပြောသည်။
ယခုအခါဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး သေဆုံးသူကျောင်းသူ၏ရုပ်အလောင်းကို နေပြည်တော်ဆေးရုံကြီးရင်ခွဲရုံမှ ၎င်းနေထိုင်ရာမိတ္တီလာမြို့နယ်၊ ခံပင်အိုင့်ကျေးရွာနေအိမ်သို့ လူမှုကူညီရေးအသင်းယာဉ်ဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း လိုက်ပါ ကူညီပေးခဲ့သူတစ်ဦးက ပြောပြသည်။