၁၃.၅.၂၀၂၄
Written by TZ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အဝေရာလမ်း၊ လ.ဝ.က ရုံးရှေ့တွင် ပလုံကောက်သည့် မိသားစုဝင် ၄ ဦးကို ယာဥ်တစ်စီးက တိုက်ပြေးရာမှ ကလေးငယ် ၁ ဦးသေဆုံး၍ မိခင်မှာစိုးရိမ်ရကာ အခြား ကလေးငယ် ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေလ ၁၂ ရက် ည ၉ နာရီ ၅၄ မိနစ်အချိန်တွင် ယာဥ်တစ်စီးမှ ပလုံကောက်သည့် မိသားစုဝင် ၄ ဦးကိုအရှိန်လွန်၍ တိုက်မိကြောင်း သတင်းအရ ဖြစ်စဥ်နေရာသို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းနှင့် KS Rescue တို့မှ သွားရောက်ကူညီခဲ့ပြီး သေဆုံးဒဏ်ရာရသူများကို မကွေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ထိုယာဥ်တိုက်မူကြောင့် အခင်းနေရာ၌ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ အခင်းနေရာ၌ သေဆုံးသွားပြီး မိခင်ဖြစ်သူမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်သောကြောင့်စိုးရိမ်ရကာ အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး ညာဘက်ပေါင်ကျိုးဒဏ်ရာနှင့် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပလုံကောက်သည့် မိသားစုလေးဦးကို ဝင်တိုက်ပြီး ထွက်ပြေးသည့် ယာဥ်မောင်းကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း