၁၂.၅.၂၀၂၄
Written By Zun
မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်ရှိ ကိုယ်ပိုင် ဘာသာရပ်သင် အထက်တန်းသင်တန်းတစ်ခုတွင် အသက် ၁၈ နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး သုံးထပ်တိုက်အဆောက်အဦပေါ်မှ ခုန်ချ၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မိတ္ထီလာမြို့၊ လူမှုကူညီရေးပရဟိတသမားတစ်ဦးက MT News ကို ယနေ့ မေလ ၁၂ ရက် ညတွင် ပြောကြားမှုအရ ကနဦးသိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ၊ အောင်ဆန်းမြို့သစ်ရှိ ကိုယ်ပိုင် ဘာသာရပ်သင် အထက်တန်းသင်တန်းတစ်ခုတွင် Grade 12 ကျောင်းသူတစ်ဦးသည် ယနေ့ မေလ ၁၂ ရက် နံနက် ၉ နာရီခန့်အချိန်က သင်တန်းအဆောက်အဦသုံးထပ်တိုက်မှ ခုန်ချခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
“အဆောက်အအုံပေါ်က ခုန်ချတာ ဟုတ်ပါတယ်။ ကလေးမလေးက ဆုံးသွားပါတယ်ဗျ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ ကျောင်းနာမည်၊ ကလေးမလေးနာမည် နဲ့ ဘယ်လိုကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရာကို ပြန်ပြောပေးပါမယ်”ဟု အဆိုပါ ဖြစ်စဉ်ကို သိရှိသည့် လူမှုကူညီရေးပရဟိတသမားက ဆိုသည်။
ယင်းကြောင့် ခုန်ချသည့်ကျောင်းသူကို သက်ဆိုင်ရာ သင်တန်းတည်ထောင်သူက မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၊ ပြင်ပလူနာဌာနကို ပို့ဆောင်ရာ ယင်းမှတစ်ဆင့် နေပြည်တော်ကုတင်(၁၀၀၀) ဦးနှောက်နှင့်အာရုံကြောဌာနသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
သို့သော်လည်း အဆိုပါအမျိုးသမီးငယ်မှာ ရရှိသည့် ဒဏ်ရာကြောင့် သွေးထွက်လွန်၍ ကွယ်လွန်ခဲ့ကြောင်းနှင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အခင်းဖြစ်စဉ်ကို ဆက်လက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပြီး MT News သတင်းဌာနအနေဖြင့်လည်း ဖြစ်စဥ်မှန်ကန်မှုနှင့် အသေးစိတ်အချက်အလက်များ ဆက်လက်စုံစမ်းမေးမြန်းနေပြီး ထပ်မံသိရှိရသည်များ အတည်ပြုဖော်ပြပေးမည်ဖြစ်သည်။