၁၂. ၅. ၂၀၂၄
Written by Nyein Kyaw
ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကျိုင်းတုံလေဆိပ်အား တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်သည့်အထိ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ကျိုင်းတုံလေဆိပ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးစဥ် ပြောကြားခဲ့သည်။
လက်ရှိတွင် ပြည်တွင်းပြည်ပခရီးစဉ်များ၌ ဝေးကွာသည့်နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြုလာပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အသုံးပြုလျက်ရှိသော ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည့်အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆပ်သို့ တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ယခုကဲ့သို့ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လေဆိပ်အသစ်တည်ဆောက်ခြင်းနှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ရာသီဥတုတွင်မဆို လေယာဉ်များဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းအတွက် လိုအပ်သော အထောက်အကူပစ္စည်းများကို ပြည့်စုံစွာဖြင့် ထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကျိုင်းတုံဒေသတွင် ခရီးသွားများကို ဆွဲဆောင်နိုင်သော သာယာလှပသည့် သဘာဝပတ်ဝန်းကျင် ရေ၊ မြေ၊ တော၊ တောင်များကို ပိုင်ဆိုင်ထားရှိပြီး ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်၊ အသစ်ပြန်လည်တည်ဆောက်ထားသော ကျိုင်းတုံဟော်နန်း ပုံစံတူပြတိုက်၊ နောင်တုံကန်၊ လွယ်မွေအပန်းဖြေ တောင်စခန်းမြို့နှင့် အခြားလည်ပတ်နိုင်သည့် နေရာများစွာရှိကြောင်း၊ အလားတူ ကျိုင်းတုံမြို့တွင် SME လုပ်ငန်းများလည်းရှိပြီး ထုတ်လုပ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်း၊ ကျိုင်းတုံလေယာဉ်ကွင်းအား အဆင့်မြှင့်တင်ခြင်းသည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။