၁၂. ၅. ၂၀၂၄
Written by Nyein Kyaw
တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများ အမြစ်ပြတ်ပပျောက်မှုမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ယခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နာမည်ထွက်ပေါ်ခဲ့ကြောင်း၊ မိမိတို့ဒေသအတွင်း မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ တိုက်ဖျက်တားဆီးခဲ့ကြပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် နည်မြေဒေသမတည်မငြိမ်မှုများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများနှင့် ရောင်းဝယ်မှုများသည် အမြစ်ပြတ် ပပျောက်မှု မရှိကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှုများမရှိစေရေး တားဆီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အလားတူ အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကိုလည်း မိမိတို့အနေဖြင့် ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံများအနေဖြင့်လည်း ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။