◾ ဘူးသီးတောင် ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ AA က လက်နက်ကြီးဖြင့် ပစ်ခတ်၍ သုံးဦး သေဆုံး၊ ကလေးငယ်နှစ်ဦးအပါအဝင် ၁၀ ဦး ဒဏ်ရာရ
MT News
၁၂. ၅.၂၀၂၄
ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများ ယာယီနေထိုင်သည့်ပြည်သူ့ဆေးရုံ၀င်းအတွင်းသို့ AA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူသုံးဦးသေဆုံးပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင်ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
ဖြစ်စဉ်မှာ AA လက်နက်ကိုင်များက မေလ ၁၁ ရက် ည ၁၁ နာရီခန့်က ဘူးသီးတောင်မြို့အရှေ့မြောက်ဘက် မီတာ၂၈၀၀ ခန့်အကွာ ကျောက်သစ်ရွာသစ်ကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် ပြည်သူ့ဆေးရုံအတွင်းသို့ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့ဆေးရုံ၀န်ထမ်းအိမ်ရာ လေးထပ်ဆောင်ပေါ်သို့ လက်နက်ကျည် ကျရောက်ပေါက်ကွဲခဲ့သည်။
ထို့ကြောင့် ပြည်သူ့ဆေးရုံအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူသုံးဦးသေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ် ကလေးငယ်နှစ်ဦးအပါအ၀င် ဒေသခံပြည်သူ ၁၀ ဦးဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
ထိခိုက်ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာတာ၀န်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဘူးသီးတောင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့အရေးပေါ်ပို့ဆောင်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများခံယူလျက်ရှိသည်။
AA လက်နက်ကိုင်များသည် ရခိုင်ပြည်နယ်အတွင်းဒေသခံပြည်သူများအေးချမ်းစွာနေထိုင်မှုနှင့် လူနေရပ်ကွက်ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ် တိုက်ခိုက်မှုကြောင့် ယခုအကြိမ်အပါအ၀င် စုစုပေါင်း ၁၄ ကြိမ်ရှိခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့်အပြစ်မဲ့ဒေသခံပြည်သူ ၆၀ ဦးသေဆုံးခဲ့ကာ ၁၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။