၁၂.၅.၂၀၂၄
Written By Zun
NLD အစိုးရလက်ထက်က ပြန်လည် တည်ဆောက်မှုအတွက် အကြိမ်ကြိမ် ကန့်ကွက်ခံခဲ့ရသော တာမွေမြို့နယ် (က+ဂ) ရပ်ကွက် ကျိုက္ကဆံလမ်းမကြီးပေါ်ရှိ တာမွေ(ယာယီ)ဈေးကို ယခုလ မကုန်မီ ပန္နက်တင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) က သိရသည်။
အဆိုပါဈေးကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် One One One Co.,Ltd အနေဖြင့် တို့ အကျိုးတူတည်ဆောက်ကြမည် ဖြစ်သောကြောင့် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က “တာမွေအဆင့်မြင့်ဈေးတည်ဆောက်ခြင်း ဆိုင်ရာလုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်” ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“အဲဒီဈေးကို အသစ်ပြန်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ကက်ဘိနက်အစည်းအဝေးမှာ ဆုံးဖြတ်ပြီး တင်ဒါခေါ်ခဲ့တာ။ တင်ဒါခေါ်တော့ ပထမအကြိမ် တင်ဒါမှာအောင်မြင်ခဲ့တဲ့ ကုမ္ပဏီ ရှိပေမဲ့လည်း ရင်းနှီးမြှုပ်နှံတဲ့ ဘဏ္ဍာရေးကိစ္စမှာတော့ လိုအပ်ချက် ရှိခဲ့တာကြောင့် ဒုတိယအကြိမ် တင်ဒါကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ပြန်ခေါ်တယ်။ တင်ဒါအတွက် ကုမ္ပဏီ ၁၆ ခုက လျှောက်လွှာတင်ခဲ့တယ်၊ အဲဒီထဲက One OneOne ကုမ္ပဏီနဲ့ လွင်ရာဇာကုမ္ပဏီက တင်ဒါပြိုင်တော့ One OneOne ကုမ္ပဏီက အောင်တယ်။ ကြားမှာ အကြောင်းကြောင်းကြောင့် ကြာနေခဲ့တယ်။ အခုကတော့ စာချုပ် ချုပ်လိုက်ပြီဖြစ်လို့ တည်ဆောက်ဖို့အတွက် ပန္နက်တင်မှာဖြစ်တယ်”ဟု အဆိုပါ ဌာန၏ ပြောရေးဆိုခွင့် ရှိသူက MT News ကို မေလ ၁၂ ရက်တွင် ပြောသည်။
အဆိုပါ တာမွေအဆင့်မြင့်ဈေးတွင် Basement ၆ ထပ် ဈေးရုံကြီး (၁) ရုံ၊ Shophouse ၃ ထပ် အဆောက်အဦ (၃၄) လုံး၊ နို့ဈေး ၂ ထပ်အဆောက်အဦ (၁) လုံး၊ (၁၀) ခန်းတွဲ ၂ ထပ်အိမ်သာ (၁) လုံး၊ 3.5 MVA ဓာတ်အား ခွဲရုံ (၁) ရုံ၊ Bin Center (၁) ခုနှင့် ဈေးတာဝန်ခံရုံးခန်းတို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တာမွေ(ယာယီဈေး)တွင် ယခင်က ဈေးရုံအဟောင်း ၁၈ ရုံရှိပြီး ဆိုင်ခန်းပေါင်း ၆၀၈ ခန်းရှိခဲ့ကာ ယင်း ဈေးဆိုင်ခန်းများအတွက် ယာယီဈေးဆိုင်တန်းများကို၂၀၁၉ ခုနှစ် သြဂုတ်လဆန်းပိုင်းက စတင်တည် ဆောက်၍ ယာယီဈေးဆိုင်ခန်းသစ်များပေါ်သို့ ပြောင်းရွှေ့ရောင်းချခွင့်ပြုခဲ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဈေးသစ်ကြီးပြီးစီးပါက ယခင်ဈေးဟောင်းမှ ဆိုင်ခန်းများကို ပြန်လည်နေရာချထားပေးမည် ဖြစ်ကြောင်း၊ ရာနှင့်ချီသော ကားအစီးရေများအတွက် ကျယ်ဝန်းသည့် ပါကင်၊ လာရောက်သူများအပန်းဖြေနိုင်မည့် ဧရိယာများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းဈေးနေရာမှာ ယခင် တရုတ်သုသာန်မြေနေရာဖြစ်ပြီး ၃ ဒသမ ၇၉၂ ဧက ကျယ်ဝန်းကာ ၁၉၉၄ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ တာမွေ (ယာယီ)ဈေးအဖြစ် စတင် အသုံးပြုခဲ့ခြင်း ဖြစ်သောကြောင့် ယင်းဈေးမှာ ယခုအခါ နှစ်ပေါင်း ၃၀ ကျော် ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တာမွေစျေးကို အဆင့်မြှင့်တင်တည်ဆောက်ရန် လုပ်ဆောင်နေကြစဉ်တွင် ယင်းဈေးမှ ဈေးသည်အချို့က ဈေးဒီဇိုင်းရေးဆွဲထားမှုအပေါ် ပြန်လည်ပြင်ဆင်ပေးရန်တောင်းဆိုကန့်ကွက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။