၁၂.၅.၂၀၂၄
Written by KL
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဒုတ္တန်ရပ်ကွက်တွင် စားသုံးဆီထွက်ဝယ်သော အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ရာ မေလ ၁၂ ရက်နေ့အထိ ကျုးလွန်သူကို ဖမ်းမမိသေးကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်မှာ မေလ ၁၀ ရက် ညနေပိုင်းက အသက် ၁၅ နှစ်အရွယ် မဒူနော်မှာ နေအိမ်တွင် ချက်ပြုတ်ရန်အတွက် စားသုံးဆီ ထွက်ဝယ်ရာ အိမ်သို့ပြန်မလာသဖြင့် မိသားစုများက လိုက်လံရှာဖွေရာမှ ည ၁၁ နာရီခန့်တွင် ရပ်ကွက်အနီး လူသွားလူလာပြတ်သော သက်ကယ်တောထဲတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ကလေးက လိမ္မာပြီး မိဘသိတတ်တဲ့ကလေးပါ။ကောင်မလေးရဲ့လက်တွေ၊ လည်ပင်းတွေမှာ၊ ဓားနဲ့လှီးထား၊ထိုးထားတဲ့ဒဏ်ရာတွေရော၊ လည်ပင်းမှာလည်း ညိုမဲဒဏ်ရာတွေနဲ့ သေနေတာကို တွေ့ခဲ့ရတာ။ သတ်သွားတဲ့သူကိုတော့ အခုထိ မမိသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
မိန်းကလေး၏ရုပ်အလောင်းကို ပူတာအိုပြည်သူ့ဆေးရုံရင်ခွဲရုံတွင် စစ်ဆေးခဲ့ပြီး အသတ်ခံရမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။