၁၂. ၅. ၂၀၂၄
Written by Nyein Kyaw
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်စေရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်စေရေး တည်ဆောက်ထားသည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းပေါ်ရှိ ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်း ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ကပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အဆိုပါ မြို့ရှောင်လမ်းပိုင်းအား ကျိုင်းတုံမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်စေရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ် ၂၃ ပေ၊ လမ်းအရှည် ၆ မိုင်ရှိ ကတ္တရာ – ကွန်ကရစ်အမျိုးအစားလမ်းဖြစ်သည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း ဝစီပိတ်ဆရာတော်ကြီးကိုယ်တိုင် ဦးဆောင်တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးအား သွားရောက်ဖူးမြော်ခဲ့သည်။
ကျိုင်းတုံမြို့ အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော် ပရဝုဏ်တော်အတွင်း၌ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအေးချမ်းသာယာမှုရှိစေရန် ၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းပြည်ပမှ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးကို ဒေသတွင်း၌ပင် ရည်စူးဖူးမြော်နိုင်စေရန် ရည်ရွယ်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် SAC ဥက္ကဋ္ဌသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံပြီး စစ်ရေးသတိအမြဲရှိနေစေရန်၊ မိသားစုဝင်များ၏ပညာရေး၊ သက်သာချောင်ချိရေးနှင့် ပတ်သက်၍ ဖြည့်ဆည်းထားမှုများ၊ တပ်နယ်အတွင်း စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုများ ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။