၁၁. ၅. ၂၀၂၄
Written by Nyein Kyaw
လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ပခုက္ကူမြို့နယ်အတွင်း Mask တပ်ခြင်းနှင့် လက်နက်၊ ခဲယမ်း ထည့်ဝင်သည့်အိတ်များ စလွယ်သိုင်း၍ သွားလာခြင်းကို လုံးဝ(လုံးဝ) မပြုလုပ်ရန် တားမြစ်ထားသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဖြေဆိုထားသည်။
ပခုက္ကူမြို့နယ်တွင် Mask တပ်ခြင်း၊ လက်နက်၊ ခဲယမ်း ထည့်ဝင်သည့်အိတ်များ စလွယ်သိုင်း၍ သွားလာခြင်း မပြုလုပ်ရန်တားမြစ်ထားကြောင်း သတင်းများထွက်ပေါ်နေမှုအပေါ် မီဒီယာများက မေးမြန်းခဲ့ရာ SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မေလ ၉ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဧပြီလ မဟာသင်္ကြန်ပွဲတော်ကာလနှင့် ပွဲတော်ပြီး ကာလများတွင် PDF အကြမ်းဖက်သူများမှ ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ အပြစ်မဲ့ပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်သူများအား မကြာခဏ အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့သို့ အကြမ်းဖက်သတ်ဖြတ်ရာတွင် အကြမ်းဖက်သူများသည် Mask တပ်ဆင်ထားခြင်း၊ လက်နက်၊ ခဲယမ်း ထည့်ဝင်သည့် အိတ်များစလွယ်သိုင်း၍ သွားလာလုပ်ကြံခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ အများပြည်သူ၏ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စအလို့ငှာ ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်မှစ၍ ပခုက္ကူမြို့နယ်တွင်း Mask များတပ်ဆင်ခြင်း၊ လက်နက်၊ ခဲယမ်း ထည့်ဝင်သည့်အိတ်များ စလွယ်သိုင်း၍သွားလာခြင်းတို့ လုံးဝ(လုံးဝ) မပြုလုပ်ရန် တားမြစ်လိုက်ခြင်းဖြစ်သည်။
ဤအမိန့်သည် အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ပြီး အဆိုပါအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်သည်ဟု ဖော်ပြထားသည်။