၁၁. ၅. ၂၀၂၄
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဟိုတယ်တစ်ခုအတွင်း လောင်းကစားဝိုင်းဖွင့်လှစ် ဆောင်ရွက်နေသူ တရုတ်နိုင်ငံသား ၉ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ယမန်နေ့က ဖမ်းဆီးမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် မေလ ၁၀ ရက် နံနက် ၁ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်၊ သီရိမွန်အိမ်ရာ၊ သီရိမွန် ၁၀ လမ်း၊ အမှတ် (၈) ရှိ PAL Hotel တွင် လောင်းကစားဝိုင်းဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါ ဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါ ဟိုတယ် ဒုတိယအထပ်တွင် လောင်းကစားဝိုင်းတည်ထောင်၍ စီမံခန့်ခွဲလုပ်ကိုင်နေသူ Mr. Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး၊ မြန်မာနိုင်ငံသားအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသားအမျိုးသား ၇ ဦး၊ အမျိုးသမီး ၂၄ ဦးနှင့် လောင်းကစားလာရောက်ကစားသူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄၇ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့နှင့်အတူ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ ၅ ခုံ၊ ပဲကြားလော့ လောင်းကစားခုံ ၂ ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ ၁ ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ ၁ ခုံ၊ ဖဲထုပ် ၂၅၄ ထုပ်၊ ငွေကျပ်ငါးရာမှ သိန်းတစ်ရာအထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း ၃၈ လုံး၊ လက်တော့ ၂ လုံး၊ Tablet ၁ လုံး၊ All in One ကွန်ပျူတာ ၁ လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲအပြောင်းပြုလုပ်ရာ၌ အသုံးပြုသည့် ဘဏ်အကောင့်နံပါတ်များ ရေးသားထားသည့် ကတ်ပြား ၁ ခု၊ ဖဲချပ်ဖျက်စက် ၁ လုံး၊ ငွေရေတွက်စက် ၁ လုံး၊ CCTV Recorder ၁ လုံး၊ လောင်းကြေးငွေ ၃၀၁ သိန်းကျပ်၊ ကား ၁၇ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ Mr. Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ဝင်းမြင့်ထွန်းပါ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၄၇ ဦးတို့အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။