၁၁.၅.၂၀၂၄
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုက ပေးအပ်ထားတဲ့ လှည်းကူးမြို့နယ်ရှိ မြေဧက ၂၀၀ ကို ရုပ်ရှင်မြို့တော်တည်ဆောက်ဖို့ တရားဝင်စာရွက်စာတမ်းတွေရရှိပြီလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
“ဟိုးတုန်းကတည်းက ရုပ်ရှင်လောကသားတွေအတွက် မြေဧက ၂၀၀ ပေးထားတာ။ ခုမှ တရားဝင်စာရွက်ရတာပါ။ ကြားထဲမှာလည်း ဒီခြံအတွက် ကြိုးစားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကြာနေတာပါ။ ယာယီ ဆိုင်းဘုတ်တင်ထားတာပါ။ ကျွန်တော့်တို့ ရုပ်ရှင်ခြံတော့ တရားဝင်ရပါပြီ။ ရုပ်ရှင်မြို့တော် တည်ဆောက်ဖို့အတွက် လက်ရှိကြိုးစားနေပါတယ်။ ပံ့ပိုး ကူညီမှုတွေလည်း လိုအပ်နေပါတယ်။ ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီးမှ ရုပ်ရှင်မြို့တော် အကောင်အထည်ဖော်ရမှာပါ” လို့ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ လှည်းကူးမြို့နယ်ရှိ မြေဧက ၂၀၀ ရှိတဲ့ ရုပ်ရှင်ခြံကို နှစ် ၃၀ သက်တမ်းနဲ့ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။ ယခင်ကတည်းက ရုပ်ရှင်မြို့တော်တည်ဆောက်ဖို့ ဧကတည်နေရာတွေကို ခြံစည်းရိုးတွေစိုက်ထားပေမယ့် နှစ်ကာလကြာမြင့်ပြီမို့ ပြင်လည်ပြုပြင်မွမ်းမံရမှာဖြစ်တယ်လို့ သိရပါတယ်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက ပေးအပ်ထားတဲ့ မြေဧက ၂၀၀ မှာ မြို့ပတ်လမ်းတွေလည်း ဖောက်လုပ်ထားပါတယ်။ အဲအချိန်ထဲက ခြံစည်းရိုးခတ်ထားတယ်။ ခုကတော့ ခြုံနွယ်တွေနဲ့မို့ ပြန်ရှင်းလင်းရမှာပါ။ အစောင့်နေတဲ့ အိမ်လေးတစ်လုံးရယ် ရေစင်တစ်ခုလည်းရှိပါတယ်။ ခုပြန်လည် ပြုပြုင်ဖို့ သွားကြည့်ကြတာပါ” လို့ သူက ဆက်ပြောပါတယ်။