၁၁. ၅. ၂၀၂၄
Written by Nay Moe
ကယားပြည်နယ်အတွင်း အများပြည်သူပစ္စည်း ခိုးဝှက်ဖျက်ဆီးမှုမပြုဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မနေ့ကရက်စွဲနဲ့ စာထုတ်ညွှန်ကြားခဲ့ပေမဲ့ စာထုတ်တဲ့ပို့စ်အောက်မှာ ပြည်သူတွေက ပြည်သူ့ပစ္စည်းခိုးယူဖျက်ဆီးနေတာက ကယားလက်နက်ကိုင်တွေသာဖြစ်နေတယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။
“အများပြည်သူပိုင်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာအမိန့်” အမည်နဲ့ ကယားပြည်နယ်(ကရင်နီပြည်) စစ်မြေပြင်အတွင်း ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု အိုးအိမ်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဖေါက်ထွင်း ခိုးယူဖြုတ်ရောင်းခြင်းနှင့် ဝယ်ယူခြင်း ဖြစ်စဉ်များ ဖြစ်ပေါ်နေတဲ့ စည်းကမ်းမဲ့ လုပ်ရပ်တွေ ကိုင်တွယ်ဖြေရှင်းဖို့ IEC အပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တို့ ပါဝင်တဲ့ တပ်ပေါင်းစုက ” ၁။ ကရင်နီပြည် စစ်မြေပြင်အတွင်းနှင့် မည်သည့်နေရာ၌မဆို ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကို ဖေါက်ထွင်း ခိုးယူခြင်း၊ ဖြုတ်ရောင်းခြင်း၊ ဝယ်ယူခြင်းနှင့် ဖျက်ဆီးခြင်းစသည့် တရားမဝင် လုပ်ရပ်များကို လုံးဝ တားမြစ်သည်။ ၂။ အထက်ဖော်ပြပါ လုပ်ရပ်များကို ကျူးလွန်သည့် မည်သူ့ကိုမဆို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဤအမိန့်စာကို ထုတ်ပြန်လိုက်သည်။” လို့ ကြေညာခဲ့တာပါ။
ဒီလိုကြေညာတဲ့ IEC ပို့စ်အောက်မှာ Ha Ha ပေးသူ ၁၆၀ လောက်ရှိခဲ့သလို ငွေတောင်တန်းအမည်နဲ့ Fb သုံးစွဲသူက “KNDF က ဘယ်လို လွိုင်ကော်ကို 70% ထိန်းထားလဲတော့မသိဘူး။ တမြို့လုံးက အိမ်တွေတော့ အဖောက်ခံရလို့ကုန်ပြီ။ ခိုးရာပါ အထည်တွေကို ကြွပ်ကြွပ်အိတ် အနီကြီးတွေနဲ့ထဲ့ပြီး ကြည်သာယာမှာ တထုပ်သုံးသောင်းနဲ့ကြိုက်ရာယူ ချရောင်းနတာ မြင်မ ကောင်းဘူး။ သူခိုးနဲ့ လက်နက်ကိုင်က တဖွဲ့ထဲလားဟ။ မင်းတို့ ခံယူချက်မမှန်ရင် မင်းတို့ ဘယ်တော့မှ မအောင်မြင်ဘူးကွာ။ မင်းတို့ဆိုတာ KNDF နဲ့လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံကို ပြောနေတာ(သတ်ပုံ- မူရင်း) “လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မှတ်ချက်အများစုဟာ ကယားပြည်နယ်ကို ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ ကယားလက်နက်ကိုင်တပ်ပေါင်းစုကသာ ပြည်သူ့နေအိမ်တွေ ခိုးယူဖောက်ထွင်းနေတယ်လို့ IEC ပို့စ်အောက်မှာ ကွန်းမန့်ပေးခဲ့ကြပြီး ဒေါ်ရစ်ဆိုတဲ့ Facebook သုံးစွဲသူကလည်း “ခိုးယူဖောက်ထွင်းသွားတာ ကိုယ့်ဘက်က လူတွေဆိုတာ သိရတော့ ရင်တွေနာလိုက်တာ ဘယ်လိုတိုင်ချက်ဖွင့်ရမလဲ ကူညီပေးနိုင်ပါရန် လူကြီးမင်းတွေကိုတောင်းဆိုအပ်ပါတယ်” လို့ တောင်းဆိုခဲ့ပါတယ်။
ကယားပြည်နယ်မှာ KNDF နဲ့ PDF တွေက ၁၁၁၁ စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ဒီနေ့ ၆ လပြည့်တာဖြစ်ပြီး မြို့အများစုကို ကယားလက်နက်ကိုင်တွေက ထိန်းချုပ်ထားတယ်လို့ကြေညာထားပြီးနောက်မှာ ပြည်သူတွေရဲ့အိမ် ခိုးယူဖောက်ထွင်းခံရမှု ပိုမိုမြင့်တက်လာနေတာဖြစ်ပါတယ်။