၁၁. ၅. ၂၀၂၄
Translated by Htwe Ko Tun
အစ္စရေးအနေနဲ့ ရာဖာမြို့ကို ဆက်လက်ထိုးစစ်ဆင်နေမယ်ဆိုရင် ဗုံးတွေသာမက အခြားလက်နက်တွေပါ အစ္စရေးသို့ထောက်ပံ့နေမှုကို ရပ်ဆိုင်းမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်ကခြိမ်းခြောက်ခဲ့ပေမယ့် ဒါကို အတည်ပြုဖို့ လုပ်ငန်းစဉ်က ဖြစ်သင့်သလို မြန်ဆန်မှုမရှိဘူးလို့ အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလစ်ကန်အမတ် ဂျင်ရစ်ချ်က မေလ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။
အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးကတော့ အစ္စရေးရဲ့ ရာဖာမြို့ကို တိုက်ခိုက်မှုကြောင့် ပေါင် ၂၀၀၀ နဲ့ ပေါင် ၅၀၀ ဗုံးတွေ အစ္စရေးကိုပေးပို့မှု ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗုံးတွေပေးပို့မှု ရပ်ဆိုင်းထားပြီး အခြားပစ္စည်းတွေအတွက်လည်း သုံးသပ်မှုပြုနေတယ်ဆိုပေမယ့်အမေရိကန်ရဲ့အစ္စရေးအတွက် ဒေါ်လာ ဘီလျံနဲ့ချီတဲ့ အခြား အမေရိကန်လက်နက်တွေပေးပို့မှုက စီစဉ်ဆောင်ရွက်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို အမေရိကန်က အစ္စရေးကိုပေးပို့နေတဲ့စစ်လက်နက် ပစ္စည်းတွေမှာ ဗုံးတွေကိုသယ်ဆောင်ပြီး ဝေဟင်မှမြေပြင်သို့တိကျစွာ တိုက်ခိုက်နိုင်တဲ့ JDAMS လက်နက်တွေ၊ တင့်ကားကျည်ဆံတွေ၊ မော်တာတွေနဲ့ နည်းဗျူဟာမြောက် လက်နက်တင်သံချပ်ကာယာဉ်တွေလည်းပါတယ်လို့ ဂျင်ရစ်ချ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဂျင်ရစ်ချ်က ဘိုင်ဒန်အစိုးရအရာရှိတွေက အစ္စရေးသို့ လက်နက်ပေးပို့မှုကို ပြန်လည်သုံးသပ်နေတယ်ဆိုပေမယ့်လက်နက်ပေးပို့မှု ရပ်ဆိုင်းဖို့အတည်ပြုချက်လုပ်ငန်းစဉ်က မြန်ဆန်မှုမရှိဘူးလို့လည်းဆိုခဲ့ပါတယ်။ အခုလိုအစ္စရေးကို ထောက်ပံ့နေတဲ့ လက်နက်တွေတန်ဖိုးက သမ္မတဂျိုးဘိုင်ဒန် က ဧပြီလအတွင်း လက်မှတ်ထိုးခဲ့တဲ့ အစ္စရေးကို စစ်ဖက်အကူအညီ ဒေါ်လာ ၂၆ ဘီလျံနဲ့ လူသားချင်းစာနာမှုအထောက်အပံ့တွေပါပေးပို့ဖို့ပါဝင်တဲ့ ပြည်ပထောက်ပံ့ရေးအကူအညီနဲ့ မသက်ဆိုင်ဘဲ သီးခြားစီဖြစ်တယ်လို့ ဆိုပါ တယ်။
အမေရိကန်အစိုးရက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမန် နေတန်ရာဟု ခေါင်းဆောင်တဲ့ အစ္စရေးအစိုးရကို အရပ်သားတွေအတွက် စိတ်ချလုံခြုံမှုရှိတဲ့ အကာအကွယ်တွေမရှိဘဲနဲ့ အစ္စရေးအနေနဲ့ ဝင်ရောက်တိုက်ခိုက်မှုမပြုလုပ်ဖို့ တိုက်တွန်းလာခဲ့တာပါ။ ဒါပေမယ့်စစ်ပွဲရဲ့ အဓိကရည်မှန်းချက်လည်းဖြစ်တဲ့ဟားမားစ်တွေကို အမြစ်ဖြတ်သုတ်သင်နိုင်ဖို့ ရာဖာကိုမြေပြင်ထိုးစစ်တစ်ရပ် ဆင်နွှဲဖို့ဟန်ပြင်နေတဲ့ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ရာဟုနဲ့ ဂျိုးဘိုင်ဒန်တို့အကြား ဒီအချက်က အဓိက သဘောကွဲလွဲမှုဖြစ်ခဲ့ပါတယ်။ နေတန်ရာဟုရဲ့လက်ယာစွန်းညွန့်ပေါင်းအစိုးရမိတ်ဖက်တွေကလည်း ရာဖာမြို့ကို ထိုးစစ်ဆင်ဖို့ တောင်းဆိုနေကြပါတယ်။ သူတို့က အစ္စရေးအစိုးရအနေနဲ့ ဓားစာခံတွေပြန်လွတ်မြောက်ဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့နဲ့ တိုက်ခိုက်မှုတွေရပ်ဖို့ထက် ရာဖာထိုးစစ်ကို ဦးစားပေးဖို့တောင်းဆိုနေတာပါ။
Ref- The Times of Israel