၁၁. ၅. ၂၀၂၄
Written by Pan Ei
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ သောကြာနေ့က အရှိန်ပြင်းပြင်းဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၆၂ ဦးအထိ မြင့်တက်လာခဲ့ပြီး အများစုမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသူဦးရေဟာ ထပ်မံတိုးလာဖွယ်ရှိနေကြောင်းလည်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန အကြီးအကဲ Hedayatullah Hamdard က ပြောကြားခဲ့သလို ဘက်ဂ်လှန်ပြည်နယ်ရဲ့ခရိုင်အများအပြားမှာ ညဘက်က မိုးဆက်လက်ရွာသွန်းခဲ့ကြောင်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
အဆိုပါ သဘာဝဘေးဒဏ်ကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပြီး ဘက်ဂ်လှန်က ခရိုင်ငါးခုကျော်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့သလို လူပေါင်း ၁၅၀ ကျော် ပိတ်မိနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ Abdul Mateen Qaniee က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သောကြာညအတွက် ပြင်းထန်တဲ့ မုန်တိုင်း နှစ်ကြိမ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ကြောင်းလည်း သူက ဆိုပါတယ်။
“ပြည်ထဲရေး ဝန်ကြီးဌာနက အဖွဲ့တွေနဲ့ ရဟတ်ယာဉ်တွေကို အဲဒီဒေသကို စေလွှတ်ထားပေမယ့် ရဟတ်ယာဉ်တွေက ညဘက်အလင်းရောင် ပြတ်တောက်မှုကြောင့် ပို့ဆောင်ဖို့ မအောင်မြင်နိုင်ဘူး” လို့လည်း Qaniee က ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့လူဦးရေထက်ဝက်လောက်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်ကြရပြီး လူပေါင်း ၁၅ သန်းက စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
Ref; Bangkok Post