၁၁. ၅. ၂၀၂၄
Written by Pan Ei
ဘရာဇီးနိုင်ငံ တောင်ဘက်စွန်း ရီယိုဂရမ်ဒီဒိုဆူးလ် ပြည်နယ်မှာ သမိုင်းဝင်ရေကြီးမှုကြောင့် မနေ့က မနက်ပိုင်းအထိ သေဆုံးသူ ၁၁၃ ဦးသာ ရှိခဲ့ပေမဲ့ မိုးထပ်မံရွာသွန်းခဲ့တာကြောင့် သေဆုံးသူ ၁၂၆ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
လူဦးရေ ၁၀ ဒသမ ၉ သန်းခန့် နေထိုင်ရာ ပြည်နယ်မှာ မုန်တိုင်းတွေနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် လူပေါင်း ၃၄၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး နောက်ထပ် ၁၄၁ ဦးကတော့ အခြေအနေမသိရှိရသေးကြောင်း အရပ်ဘက် ကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းက မြစ်တွေနဲ့ ရေကန်အများအပြားဟာ ရေအမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့သလို ရေကြီးမှုကြောင့် လမ်းတွေပိတ်ဆို့ကာ ထောက်ပံ့ပို့ဆောင်ရေးတွေလည်း ပြတ်တောက်လျက်ရှိပြီး အချို့နေရာတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေပါ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်အထိ လူနှစ်သန်းနီးပါး ထိခိုက်ခံစားခဲ့ရတယ်လို့ အရပ်ဘက်ကာကွယ်ရေးဌာနက သောကြာနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့သလို ရီယိုဂရမ်ဒီဒိုဆူးလ်ပြည်နယ်က မြို့အများစုဟာ မိုးဆက်လက်ရွာသွန်းဦးမဲ့ အခြေအနေမှာရှိနေပြီး မုန်တိုင်းအန္တရာယ်လည်း မြင့်မားနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူ MetSul က ပြောကြားခဲ့ပါတယ်။ အဆိုပါမိုးလေဝသအခြေအနေတွေဟာ တနင်္လာနေ့အထိ ဆက်လက်ရှိနေနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါပြည်နယ်ဟာ ပထဝီဝင်အနေအထားအရ အပူပိုင်းဒေသနဲ့ ဝင်ရိုးစွန်းလေထုတွေကြား တွေ့ဆုံတဲ့နေရာဖြစ်နေပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ အခြားမိုးခေါင်မှုကာလတွေနဲ့အတူ ရာသီဥတုပုံစံကို ဖန်တီးပေးထားပါတယ်။ ဒါပေမဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် အဆိုပါပုံစံဟာ ပိုမိုပြင်းထန်လာတာဖြစ်တယ်လို့ ဒေသခံသိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါတယ်။
Ref; Reuters