◾ ရန်ကုန် – မော်လမြိုင် – ဘားအံ ကုန်သွယ်မှုလမ်းကြောင်း လုံးဝပြတ်တောက်သွား၍ ပြည်သူများခက်ခဲမည်သိသော်လည်း တပ်မတော်ထောက်ပို့လမ်းဖြစ်နေ၍ မိုင်းခွဲရဟု ပြော
၁၁. ၅. ၂၀၂၄
Written by Nay Moe
မွန်ပြည်နယ် ၊ ရန်ကုန် – မော်လမြိုင် ကားလမ်းပိုင်းမှာရှိတဲ့ ကျုံအိတ်တံတားကို ဒီမနက် အစောပိုင်း ၂ နာရီဝန်းကျင်လောက်က KNU/KNLA နဲ့ PDF တွေ ထပ်မံ မိုင်းခွဲဖျက်ဆီးလိုက်တာကြောင့် တံတားရဲ့ နှစ်ခြမ်းစလုံးပျက်စီးသွားပြီး ယာဥ်သွားယာဥ်လာတွေ လုံးဝလုပ်မရတော့တာကြောင့် လမ်းပိတ်နေသလို ခရီးသွားပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။
ကျုံအိတ်တံတားကို KNU/KNLA နဲ့ PDF တွေက တပ်မတော်ထောက်ပို့လမ်းကြောင်းဖြစ်နေလို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၂၉ ရက် မနက်အစောပိုင်းကလည်း မိုင်းခွဲဖျက်ဆီးခဲ့လို့ တံတားကျိုးတဲ့အထဲ ကားသုံးစီးပါ ပြုတ်ကျပျက်စီးလို့ပြည်သူတွေ သေဆုံးခဲ့ရသလို တံတားပြုပြင်စဥ်မှာလည်း KNLA နဲ့ PDF တွေ ဒရုန်းနဲ့လာတိုက်ခိုက်လို့ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်သူတွေ သေဆုံးဒဏ်ရာရမှုများစွာဖြစ်ခဲ့ပါသေးတယ်။
“ဘီးလင်း -ကျုံအိတ်တံတား ထပ်မံ မိုင်းဆွဲခံရ။ စစ်ကောင်စီရဲ့ အဓိက ထောက်ပို့လမ်းကြောင်းတစ်ခု။ ဒီလိုလုပ်လို့ ပြည်သူတွေ ခက်ခဲမယ်ဆိုတာ နားလည်ထားကြပါတယ်။ အရှိန်မြင့်လာတဲ့ တော်လှန်ရေးတိုက်ပွဲတွေကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေက မဖြစ်နေ ပြုလုပ်ရတယ်ဆိုတာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်”လို့ တံတားချိုးတဲ့ KNU/KNLA နဲ့ PDF တွေရဲ့ လုပ်ရပ်ဆိုးအပေါ် Thaton Generation Z Team က တောင်းပန်ထားပါတယ်။
ပထမအကြိမ်မှာ မိုင်းခွဲဖျက်ဆီးခံရစဥ်က တံတားတစ်ခြမ်းပဲကျိုးပြီး သွားလာလို့ရခဲ့ပေမဲ့ ဒီနေ့ဖျက်ဆီးတိုက်ခိုက်မှုမှာတော့ ပြင်ဆင်ထားတဲ့ ဘေလီတံတားကိုရော၊ ပထမအကြိမ်တိုက်ခိုက်စဥ်ကအကောင်းအတိုင်းကျန်တဲ့ တံတားဘက်ခြမ်းကိုပါ ထပ်မံဖျက်ဆီးသွားတာဖြစ်ပြီး ပထမအကြိမ်တိုက်ခိုက်မှုမှာ လူသုံးဦးသေဆုံးကာ လူ ၃၀ လောက် ဒဏ်ရာရပေမဲ့ လက်ရှိထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။
KNU / KNLA နဲ့ PDF တွေဟာ ပြီးခဲ့တဲ့ ဧပြီလထဲမှာ မြဝတီကို သိမ်းယူဖို့လုပ်ခဲ့ပေမဲ့ အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးရသလို လက်ရှိမှာလည်း အောင်ဇေယျစစ်ကြောင်းနဲ့ ချေမှုန်းခံနေရပြီး အထိနာနေတာကြောင့် အရေးပါတဲ့ ကျုံအိတ်တံတားကို ထပ်မံမိုင်းခွဲလိုက်ကြတာလည်း ဖြစ်ပါတယ်။
ပုံစာ။ KNU/KNLA နှင့် PDF များ ယနေ့ထပ်မံဖျက်ဆီးလိုက်သော ကျုံအိတ်တံတား (Photo – CJ)