၉.၅.၂၀၂၄
Translated by Htwe Ko Tun
မြန်မာနိုင်ငံရဲ့ အစိုးရအနေနဲ့ နိုင်ငံရဲ့ ကျပ်ငွေတန်ဖိုးတည်ငြိမ်စေရေး နည်းလမ်းအမျိုးမျိုးကို အသုံးပြု ရင်ဆိုင်ဖြေရှင်းနေရသလို သာမန်ပြည်သူတွေအနေနဲ့လည်း ထိန်းချုပ်မရတဲ့ ငွေကြေးဖောင်းပွမှုကြောင့် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်မြို့ရှိဟိုတယ်တစ်ခုမှ အသက် ၃၁ နှစ်ရှိ အမျိုးသမီးဝန်ထမ်းတစ်ဦးက ကုန်ဈေးနှုန်းတွေ မြင့်တက်ကာ ကုန်ကျစရိတ်တွေများလာမှုကြောင့် သူမမိသားစုအဖို့ ဖြေရှင်းမရလောက်အောင်နီးပါး ပြဿနာ ကြီးထွားလာတယ်လို့ ဆိုခဲ့ပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူတို့က တစ်လကို အမေရိကန်ဒေါ်လာ ၆၀၀ ခန့်နဲ့ ညီမျှတဲ့ဝင်ငွေရှိကြပေမယ့် သုံးနှစ်သားကလေးငယ်နဲ့ အမျိုးသမီးရဲ့ အမေအိုတို့နဲ့ အတူနေထိုင်ကြတဲ့ မိသားစု မှာ ဝင်ငွေနဲ့မလုံလောက်လို့ လက်မှုပညာပစ္စည်းတွေရောင်းချ၊ မိတ်ဆွေတွေထံမှ ချေးငှားတာတွေ လုပ်ခဲ့ရတယ်လို့ ဟိုတယ်ဝန်ထမ်းအမျိုးသမီးက ဆိုပါတယ်။
လူသုံးကုန်ပစ္စည်းစရိတ်တွေကလည်း လျော့ကျမယ့်လက္ခဏာမရှိပါဘူး။ ရန်ကုန်မှာဆိုရင် ဓာတ်ဆီဈေးက တစ်လီတာကို ၂,၉၀၀ ကျပ်ဈေးနဲ့ အမြင့်ဆုံးကိုရောက်ခဲ့ပါတယ်။ ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဆိုရင်လည်း ၂၀၂၃ ခုနှစ်ထက် ၅၀ ရာခိုင်နှုန်းဈေးမြင့်တက်လာပါတယ်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံရဲ့ ငွေဖောင်းပွမှုနှုန်းက ၂၀၂၄ ခုနှစ်အတွက် မတ်လမှစကာ ၂၀ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ဒေသအတွင်းအများဆုံးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
အစားအစာနဲ့ သယ်ယူပို့ဆောင်စရိတ်တွေက မြန်မာတို့ရဲ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်အတွင်းမှာလည်း ဆက်လက်မြင့်တက်နေပါတယ်။ နိုင်ငံပိုင်သတင်းဌာနတွေက မြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေကို ကြေညာမှုပြုနေပေမယ့် လက်ကားဈေးနှုန်းတွေအပေါ်မှာ အခြေခံထားတာဖြစ်ပြီး လက်တွေ့မှာတော့ စားသုံးသူတွေအဖို့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ပိုလို့ ရင်ဆိုင်နေရပါတယ်။ တစ်ခါ ငွေဖောင်းပွမှုကို ပိုမိုမြင့်မားစေတာက ကျပ်ငွေတန်ဖိုးကျဆင်းမှုပါပဲ။ အခုဆိုရင် ကျပ်နဲ့ဒေါ်လာအကြားမှောင်ခိုဈေးကွက်လဲလှယ်နှုန်းက တစ်ဒေါ်လာကို ကျပ်ငွေ ၄,၀၀၀ နီးပါးအထိရှိလာတာကို တွေ့ရပါတယ်။
ဗဟိုဘဏ်အနေနဲ့လည်း ကျပ်ငွေတန်ဖိုးကို ကျားကန်ပေးနိုင်ဖို့ ၂၀၂၄ ခုနှစ်မှာတင် ဒေါ်လာငွေတွေကို ဈေးကွက်အတွင်း ဒါမှမဟုတ် ကုန်သည်တွေထံကို ထုတ်ရောင်းချပေးမှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပါတယ်။ ဒီမှာဆိုရင် အမေရိကန်ဒေါ်လာတင်မကဘဲ ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေတို့ကိုပါ မြန်မာနိုင်ငံ ဗဟိုဘဏ်က ရောင်းချပေးခဲ့တာလို့ သိရပါတယ်။ ဗဟိုဘဏ်ရဲ့ အခုလို ကြားဝင်ဆောင်ရွက်ပေးမှုတွေက အစပိုင်းမှာ အတော်လေးထိရောက်ပေမယ့် နောက်ပိုင်းမှာ လျော့ကျသွားခဲ့တယ်လို့ ရန်ကုန်မြို့ရှိ နိုင်ငံတကာဘဏ်လုပ်ငန်းအုပ်စုတစ်ခုမှ အဆင့်မြင့်မန်နေဂျာတစ်ဦးက ပြောခဲ့ပါတယ်။
အရင်တုန်းကဆိုရင်တော့ မြန်မာနိုင်ငံဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်မှုမှာ လဲလှယ်မှုဈေးနှုန်းများသတ် မှတ်တာ၊ ဥပဒေမလိုက်နာတဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ဆိုင်တွေကိုအရေးယူတာတွေကို ပြုလုပ်ခဲ့တာပါ။ အခုလို ဈေးကွက်အခြေအနေအရ လိုအပ်သလို နိုင်ငံခြားငွေတွေကို ထုတ်ရောင်းတာ၊ ဝယ်ယူတာတွေ မလုပ်ခဲ့ပါဘူး။ ဒီနေ့အခါမှာ နိုင်ငံအတော်များများကလည်း ဒေါ်လာနဲ့ လဲလှယ်မှုမှာ သူတို့နိုင်ငံသုံးငွေတွေ တန်ဖိုးကျမှုကို ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံအဖို့တော့ပြည်တွင်းပဋိပက္ခအခြေအနေကြောင့် ပိုလို့ အခြေအနေဆိုးဝါးခဲ့ရတယ်လို့ ဆိုရမှာပါ။ နောက်တစ်ခါ နစက အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ရှောင်တိမ်းချင်ကြလို့ နယ်စပ်ကိုဖြတ်ပြီး ထွက်ပြေးကြသူတချို့ကြောင့်လည်း ဒေါ်လာဈေး အနည်းငယ်တက်ခဲ့ရတယ်လို့ ဆိုပြန်ပါတယ်။
နိုင်ငံအတွင်း မြန်မာ့တပ်မတော်နဲ့ လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူအုပ်စုတွေအကြား တိုက်ခိုက်မှုတွေက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာထဲက စတင်ဖြစ်ပွားခဲ့ပြီး သိသိသာသာ အားပျော့မသွားသေးပါဘူး။ အစိုးရအနေနဲ့လည်း ငွေလဲလှယ်မှုနှုန်းကိုထိန်းချုပ်ထားနိုင်မယ့် စီးပွားရေးတိုးတက်ကောင်းမွန်ဖို့ ဆောင်ရွက်မှုတွေကို ဒီဇင်ဘာလအတွင်းမှာ စတင်လှုံ့ဆော်မှုပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ကျပ်ငွေတန်ဖိုး အဆက်မပြတ်ကျနေတာက နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေအဖို့လည်း ကုန်ကျစရိတ်တွေများကာ ကုန်ပစ္စည်းဈေးနှုန်းတွေလည်း တက်စေခဲ့တာပါပဲ။ ဒီမှာ အဓိက နမူနာပြရရင်တော့ ကုန်ကျစရိတ်တိုးမြင့်ကာ စားသုံးသူတွေအပေါ်ဝန်ပိစေတဲ့ ဓာတ်ဆီဈေးနှုန်းမြင့်တက်မှုကို ပြရမှာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆေးဝါးနဲ့ဆေးကိရိယာပစ္စည်းထုတ်ကုန်တွေဟာလည်း နှစ်ဆမှ သုံးဆအထိ မြင့်တက်လာပါတယ်။ တချို့ဆေးဝါးပြတ်လပ်မှုတွေကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကို သက်ရောက်မှုတွေလည်းရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းပဋိပက္ခဖြစ်ပွားနေချိန်မှာ မြန်မာပြည်သူတွေအဖို့ လည်း ငွေဖောင်းပွမှုကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေကြားရုန်းကန်နေရတယ်လို့ပဲဆိုရမှာပါ။
Ref- Nikkei Asia