၄. ၅. ၂၀၂၄
Written by Nyein Kyaw
၂၀၂၄ ခုနှစ်၊ ၅၉ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C) အုပ်စုအတွက် ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးကို မြန်မာကျပ်ငွေဖြင့် သတ်မှတ်ထားကြောင်း သိရသည်။
ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် ယူရို၊ ယွမ်၊ ဘတ်တို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း၊ ပြည်တွင်း ရတနာကုန်သည်များက ဝယ်ယူခွင့်ရှိသည့် (C) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း သိရသည်။
ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် ယူရို၊ ဘတ်၊ ယွမ်ငွေတို့ဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ (B)အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိသော ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် ယူရို၊ ဘတ်၊ ယွမ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည်ဖြစ်ကြောင်းနှင့် (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး ကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်သည်။
ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းကမ်းသတ်မှတ်ချက်များအညီ ရောင်းချပေးသွားမည်ဖြစ်ပြီး ယခုကျင်းပပြုလုပ်သည့် ၅၉ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို မေလ ၃ ရက်မှ ၁၂ ရက်အထိ ၁၀ ရက်တိတိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။