၃. ၄. ၂၀၂၄
Written by Ye Kyaw
အမေရိကန်နိုင်ငံမှ အတိုးနှုန်းမြှင့်တင်၍ ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းနှင့် ကုန်သွယ်မှုလိုငွေကို ဈေးကွက်မှ ဒေါ်လာဝယ်ယူဖြည့်တင်းရခြင်းတို့ကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာနေ၍ ပြည်တွင်း၌ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေများကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာပြီး သင့်လျော်သည့် ငွေကြေးမူဝါဒများကို ချမှတ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် ငွေကြေးဖောင်းပွမှုနှုန်း အတန်အသင့်မြင်းမားခြင်းမှာ အမေရိကန်နိုင်ငံမှ အတိုးနှုန်းမြှင့်တင်ခြင်းကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုးများ ကျဆင်းလာရာ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်ဖက်နိုင်ငံများ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းဖြင့် သွင်းတန်ဖိုးတွက်ချက်ခြင်းနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် သွင်းကုန်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ကုန်သွယ်မှုလိုငွေများအား ဈေးကွက်မှ ဝယ်ယူဖြည့်တင်းရခြင်းကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ဖော်ပြထား သည်။
ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွနှုန်းမြင့်တက်ရခြင်း၏ ပြည်တွင်း၊ ပြည်ပအခြေအနေများအား စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာသုံးသပ်လျက် သင့်လျော်သည့် ငွေကြေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်ရန် ယနေ့မှစတင်၍ ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုးအား လက်ရှိ ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၇၅ ဖြင့် သုည ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှသီးသန့်ငွေပေါ်တွင် ပေးသည့်အတိုးနှုန်းအား လက်ရှိ ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၃ ဒသမ ၈ ရာခိုင်နှုန်းဖြင့် သုည ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဘဏ်က ဧပြီလ ၃၀ ရက်က ညွှန်ကြားချက်အမှတ် (၄/၂၀၂၄)ဖြင့် ထုတ်ပြန်ထားသည်။
အတိုးပေးရာတွင် ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံး ကျပ် ၇ ဘီလျံနှင့်အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံး ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ ကျပ် ၅၀ ဘီလျံအထိသာ ခွင့်ပြုသွားမည်ဖြစ်သည်။
ဘဏ်သည်ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်တွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိ ပျမ်းမျှစာရင်းရှင်အပ်ငွေ (Average CAB)အရ လည်းကောင်း၊ ပျမ်းမျှလက်ဝယ်ရှိငွေသား (Average Cash at Bank) အရ လည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်းအသီးသီးကို ပြည့်မီရမည်ဖြစ်ပြီး ပြည့်မီမှုမရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒဏ်ကြေးဆိုင်ရာညွှန်ကြားချက်အမှတ် (၁၂/၂၀၁၆) ပါအတိုင်း ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်သည်။
မေလ ၃ ရက် ယနေ့တွင် ပြည်တွင်း၌ နိုင်ငံငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၃၉၆၀ အထိ ဖြစ်ပေါ်နေ၍ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၁ ခုနှစ်မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများသည်လည်း သုံးဆခန့်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။