၃.၅.၂၀၂၄
Written by KL
မကွေးမြို့နယ်၊ နေပြည်တော် – ကံပြားလမ်း၊ ဂွေးတောက်စမ်းကျေးရွာနှင့် ဘုရားပြိုကျေးရွာကြားတွင် မေလ ၂ ရက် မွန်းလွဲ ၁ နာရီကျော်က နေပြည်တော် – မကွေးပြေးဆွဲသည့် ခရီးသည်တင်ကားတစ်စီး အရှိန်လွန်ကာ လမ်းဘေးထိုးကျရာမှ မိခင်သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ခရီးသည်တင်ယာဥ်မှာ ခရီးသည် ၈ ဦးခန့်ကို တင်ဆောင်လာပြီး နေပြည်တော်ဘက်မှ မကွေးဘက်သို့ မောင်းနှင်လာစဥ် လမ်းခုလတ်၌ အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ အသက် ၃၀ အရွယ် သားသည်မိခင်တစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး နှစ်နှစ်ခန့်သာရှိနိုင်သည့် သမီးငယ်မှာ နောက်ကျော ဖုရောင်၊ စအိုသွေးထွက် ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရှိရသည်။
“ဆုံးသွားတဲ့ မိခင်က မင်းဘူးဘက်ကပါ။ ခေါင်းတစ်ခြမ်းပြားပြီး နေရာမှာပဲ ဆုံးသွားတယ်။ ကလေးကတော့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု ကယ်ဆယ်ရေးသွားရောက်ဆောင်ရွက်ခဲ့သည့် ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
ခရီးသည်တင်ယာဥ် တိမ်းမှောက်မှုကို ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ အသင်းဝင် ၇ ဦး၊ လူနာတင်ယာဥ် ၂ စီးဖြင့် ဒဏ်ရာရသူနှင့်သေဆုံးသူတို့ကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အဲ့ဒီလိုကားတွေကို မောင်းသူတွေက အရမ်းမောင်းကြတယ်၊ ယာဥ်ကြောတွေ ဘာတွေမသိဘူး။ ဇွတ်ဟွန်းတီးပြီး ဇွတ်မောင်းကြတာ။ မြို့ထဲဝင်လာတာတောင် အရှိန်မလျော့ဘူး”ဟု မကွေးဒေသခံတစ်ဦးက ပြောသည်။