၁၅. ၁၂. ၂၀၂၂
Written by Myo Khine
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆေးအိုးကျကျေးရွာနေ အသက်(၇၅)နှစ်အရွယ် အဖွားအိုတစ်ဦးအား နားကိုဓားဖြင့်လှီးကာ နားကပ်ကိုလုယူ သတ်ဖြတ်သွားမှုတစ်ခု ဒီဇင်ဘာလ ၁၄ ရက်က ဖြစ်ပွားခဲ့သည်။
“နားကပ်ကို လုတာက နားကို လှီးယူသွားတာ ဓားနဲ့။ ရိုင်းစိုင်းနေကြပြီ။ လူပါသတ်သွားတယ်။ လုပ်ရက်လိုက်ကြတာ” ဟု ဒေသခံတစ်ဦးက MT News သို့ ပြောသည်။
လုယက် သတ်ဖြတ်ခံရသူမှာ အသက် ၇၅ နှစ်အရွယ် ဒေါ်ကြာဇံဦးဖြစ်ကြောင်း၊ သမီးတစ်ဦး၊ မြေးတစ်ဦးတို့ဖြင့် ဆေးအိုးကျရွာအနီးတွင် သီးနှံစိုက်ပျိုးရောင်းချစားသောက်နေသူဖြစ်ကြောင်း သိရသည်။
ဒေါ်ကြာဇံဦး၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်းလည်း ဒေသခံအချို့ကပြောသည်။လတ်တလောတွင် ရသေ့တောင်ရဲစခန်း၌ အမှုဖွင့်ထားကာ တရားခံကို စုံစမ်းနေကြောင်းလည်း အဆိုပါဒေသခံက MT News ကို ပြောသည်။