၂၁.၄.၂၀၂၄
Writer & Photo TZ
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ ငလိုက်ချောင်းနံဘေးတွင် ပန်းခြံတည်ဆောက်မည်ဟုဆိုကာ ထိုချောင်းအနီးရှိ မလွတ်သည့် နေအိမ် ၇၉ လုံးကို ဖယ်ရှားရန်ရည်ရွယ်သည့် အနီရောင်မှင်ဆေးအနီများဖြင့် မှတ်သားခြင်းခံထားရကြောင်း သိရသည်။
ဧပြီလ ၁၁ ရက်နေ့တွင် ပျဥ်းမနားမြို့ရှိ တာဝန်ရှိသူများမှ ငလိုက်ချောင်းဘေးရှိ ရွာကောက်မြို့သစ်အခြမ်းနှင့်ရွှေကြည်အောက်ခြမ်းတို့၌ ထိုချောင်းနံဘေး တည်ဆောက်ထားသည့် နေအိမ်များမှ ချောင်းဘေးနှင့် ပေ ၃၀ ခန့်မလွတ်သည့် နေအိမ် ၇၉ လုံးတို့ကို မှင်ဆေးအနီရောင်များဖြင့် မှတ်သားသွားကြောင်း ထိုမှင်နီဆေးတားခြင်းခံရသည့် နေအိမ်များထံမှ သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး MT News မှ ဧပြီလ ၂၁ ရက် နံနက်ခင်းအချိန်တွင် မြေပြင်စုံစမ်းမူများပြုလုပ်ရာ ပျဥ်းမနားမြို့ရှိ ရွှေချီ ( ၂) လမ်းတွင် နေထိုင်သည့် ရာအိမ်မှူးကို အဆိုပါဖြစ်စဥ်အပေါ်မေးမြန်းရာ “တိုင်းတာတုန်းပဲရှိပါသေးတယ်။ နေအိမ်တွေဖျက်ခိုင်းတာမရှိသေးဘူး။ ဖျက်ခိုင်းဖို့ စာလည်းမထုတ်ပြန်ရသေးသလို အစည်းအဝေးလည်း မလုပ်ရသေးပါဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါ နေအိမ် ၇၉ လုံးတွင် ကျုးကျော်နေအိမ် ၃ လုံးခန့်သာပါရှိသည်ဟု သိရပြီး လက်ရှိတွင် ဖယ်ရှားရမည့်အခြေအနေအဖြစ် မှင်နီမှတ်သားခံရသော်လည်း အစားပြန်ပေးမည့်အခြေအနေ၊ မည်သည့်အချိန်တွင် ဖယ်ရှားရမည်ကို မသိရခြင်း စသည့်အခြေအနေများကြောင့် မှင်နီမှတ်သားခံရသည့်နေအိမ်ပြည်သူများမှာ ထိတ်လန့်စိုးရိမ်နေကြောင်း သိရသည်။
“ချောင်းဘေးနားကနေ ပေ ၃၀ လောက်တိုင်းတယ်။ အဲ့ဒီပေ ၃၀ မလွတ်တဲ့အိမ်ဆို မှင်နီရှည်နဲ့တိုင်းသွားတယ်။ ကျွန်မတို့ သိရတာကတော့ ဖယ်ရှားမဲ့နေအိမ်နေရာမှာ ပန်းခြံဆောက်မယ်လို့ သိရတယ်။ အမှတ်အသားပဲ ပြုလုပ်ရသေးတယ်။ ဘယ်တော့ဖယ်ခိုင်းမလဲတော့မသိဘူး။ ကျွန်မတို့က အိမ်ဂေဟာရှိတယ်။ တချို့က မရှိတာလည်းရှိတယ်။ ဒီနားမှာနေတာ အနှစ် ၃၀ ရှိပြီ။ အခုမှ မှင်နီနဲ့အမှတ်အသားပြုပြီဆိုတော့ ဘယ်နေ့ဖယ်ရမလဲဆိုတာ မသိဘူးလေ။ အကယ်၍ ဖယ်ခိုင်းရင် ကျွန်မတို့အတွက် နေရာတော့လုပ်ပေးရင် အဆင်ပြေတယ်လေ။ ခုကာလမှာ ထမင်းတောင် မနည်းနပ်မှန်အောင် စားရတာ။ ခုမှင်နီတားခံရတော့ စိုးရိမ်နေရပြီ။ အရင်က ရေကာတာလုပ်မယ်ဆိုတော့ ကျူးတွေကို ဖယ်ခိုင်းပြီး နေရာချပေးတာတွေရှိတယ်။ ကျွန်မတို့ က တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ။ အိမ်ဖယ်ရမယ်ဆိုရင် အိမ်တစ်လုံးဖြစ်ဖို့ကမလွယ်ဘူး။ ဘယ်နေ့လာတိုင်းလဲဆိုရင် သင်္ကြန်အကြိုရက်ပိုင်းက စည်ပင်ကသူတွေ၊ ရဲတွေ ၊ စစ်သားတွေပါလာတယ်။ မှတ်ပုံတင်တွေ၊ အိမ်ဂရံတွေမှတ်သွားတယ်” ဟု နေအိမ်အား မှင်နီဖြင့်မှတ်သားခံရသည့် ပြည်သူတစ်ဦးက ပြောသည်။
ပုံစာ။ မှင်နီမှတ်သားခံရသည့် နေအိမ်အချို့နှင့် ငလိုက်ချောင်းနံဘေး မြင်ကွင်းများ။